MySport Myanmar

ရန်းနက်စ် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး မာသီတဲလ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ဘိုင်ယန်

ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အင်အားဖြည့်တင်းမှု တရပ်အနေနဲ့ ပြင်သစ် ယူ-၁၇အသင်းနဲ့ အတူ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် မာသီတဲလ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ မာသီတဲလ်က ဘယ်တောင်ပံ ၊ ညာတောင်ပံနဲ့ တိုက်စစ်မှူး နေရာသုံးခုစလုံးမှာ ကစားနိုင်စွမ်း ရှိတဲ့ တက်သစ်စ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူ့ရဲ့ အလားအလာ ကောင်းတဲ့ ခြေစွမ်းကြောင့်ပဲ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရန်းနက်စ်ရဲ့ လူငယ်အသင်း ကနေ အသင်းကြီးထံ ခေါ်ယူခြင်းကို ခံခဲ့ရပါတယ်။

Photo Credit: RMC Sports

မာသီတဲလ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရန်းနက်စ်အတွက် ပြိုင်ပွဲစုံမှာ ၁၀ပွဲ အထိ ပါဝင် ကစားခွင့် ရခဲ့ပြီး အသင်းအတွက် သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေ မရသေးပေမယ့် သူ ပါဝင် ကစားတဲ့ အချိန်တိုင်းမှာ ပြိုင်ဘက် ကစားသမားတွေကို အလွယ်တကူ ဖြတ်ကျော်တာတွေ ၊ လိမ်ခေါက်သွားတာတွေ လုပ်ပြနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ပြင်သစ် ဘောလုံးရေးရာ သုံးသပ်သူ အများစုက မာသီတဲလ်ဟာ ယခု ပြင်သစ် လက်ရွေးစင်အသင်းရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ ဒမ်ဘီလီနဲ့ ကစားပုံ ဆင်တဲ့ ကစားသမား တဦး ဖြစ်ပြီး တိုက်စစ်မှူး နေရာမှာပါ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမား တဦး ဖြစ်တာကြောင့် ဒမ်ဘီလီထက်တောင် အဆုံးသတ်ပိုင်း ပိုကောင်းတယ်လို့ ချီးကျူးနေကြပါတယ်။

Photo Credit: RMC Sports

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ RMC Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ယမန်နေ့မှာပဲ ရန်းနက်စ်ထံ ဆက်သွယ်ကာ မာသီတဲလ် အတွက် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး မာသီတဲလ်ကလည်း ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ နီးစပ်တဲ့ သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနကလည်း ဘိုင်ယန်မြူးနစ်ဟာ မာသီတဲလ်အတွက် တရားဝင် ဆွေးနွေးမှုတွေ ထပ်ဆင့် အတည်ပြုပေးထားပြီး ဘိုင်ယန်မြူးနစ်က တက်သစ်စ လူငယ်ကြယ်ပွင့် မာသီတဲလ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀သန်း ဝန်းကျင် ပေးချေဖို့ အဆင်သင့် ရှိနေကြောင်း ဖော်ပြထားပါတယ်။

Exit mobile version