ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က သူတို့အသင်းရဲ့ ကွင်းလယ်အတွက် ကြီးမားတဲ့ အင်အားဖြည့်တင်းမှု အဖြစ် ဘာစီလိုနာရဲ့ ဗဟိုကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဘိုင်ယန်မြူးနစ်က ကွင်းလယ်ပိုင်းမှာ ဂေါ်ရက်ဇ်ကာ ၊ မူစီအာလာ ၊ ဂရာဗန်ဘက် ၊ ကင်းမစ်ချ် ၊ အီဘရာဟီမိုဗစ် စတဲ့ ကွင်းလယ်လူတွေကိုသာ ပိုင်ဆိုင်ထားပြီး ဂရန်ဗန်ဘက်နဲ့ အီဘရာဟီမိုဗစ်တို့က လူငယ် ကွင်းလယ်လူတွေ ဖြစ်တာကြောင့် ကျန်တဲ့ ကွင်းလယ်လူ ၃ဦးကိုသာ အားကိုးနေရပါတယ်။

Photo Credit: Goal

ဘိုင်ယန်မြူးနစ်လို နှစ်စဉ်နှစ်တိုင်း ဆုဖလား ၃လုံး အတွက် တိုက်ပွဲဝင်လေ့ ရှိတဲ့ ထိပ်သီးအသင်း တသင်းမှာ အနည်းဆုံး ထိပ်တန်း ကွင်းလယ်လူ ၅ဦး ရှိနေဖို့ လိုအပ်တာကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက ယခု နွေဈေးကွက် အတွင်းမှာ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ ဆုံးဖြတ်ထားပြီး ဘိုင်ယန်မြူးနစ်ဟာ လိုက်ပ်ဇစ် အသင်းခေါင်းဆောင် လိုင်မာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားနိုင်ပါတယ်။

လိုင်မာကို ခေါ်ယူနိုင်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက အနည်းဆုံး နောက်ထပ် ကွင်းလယ်လူ ၁ဦးကို ထပ်မံ ခေါ်ယူဖို့ ကြိုးစားနေပြီး ဘိုင်ယန်မြူးနစ်နည်းပြ တူဟယ်လ်က သူ့ရဲ့ တပည့်ဟောင်း မေဆန်မောင့်ကို ခေါ်ယူချင်နေပေမယ့် ဘိုင်ယန်မြူးနစ်ရဲ့ ဘုတ်အဖွဲ့က ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်ကို မျက်စိကျနေပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာနတွေ ဖြစ်တဲ့ Sky Germany ၊ Goal စတဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ ဘိုင်ယန်မြူးနစ်က ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေပြီး ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေဟာ ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ ဘာစီလိုနာနဲ့ရော ၊ ဒီဂျောင်ရဲ့ အေးဂျင့်နဲ့ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်ထားကြောင်း သိရပါတယ်။

တဖက်မှာ ဘဏ္ဍာရေး အကြပ်အတည်းတွေနဲ့ ကြုံတွေ့နေရတဲ့ ဘာစီလိုနာက မန်ချက်စတာ စီးတီး အသင်းခေါင်းဆောင် ဖြစ်သူ ဂန်ဒိုဂန်ကို အလွတ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရထားတာကြောင့် ဒီဂျောင်အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရောက်လာရင် ဒီဂျောင်ကို ရောင်းထုတ်ဖို့ စဉ်းစားနေပြီး ဘာစီလိုနာက ဒီဂျောင်အတွက် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ဝန်းကျင် လိုချင်နေပါတယ်။