ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်က ယခုနှစ် ဘောလုံးရာသီမှာ ဘွန်ဒက်လီဂါ-၂ကလပ် ရှော်ကေးလ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားတဲ့ ဂျာမဏီ လူငယ်ကြယ်ပွင့် အူဒရာအိုဂိုကို ခေါ်ယူဖို့ အတွက် လှုပ်ရှားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ အူဒရာအိုဂိုက ရှော်ကေးလ် လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူက ဗဟိုကွင်းလယ်နေရာမှာ အဓိက ကစားလေ့ ရှိကာ လိုအပ်ရင် ကွင်းလယ်ခံစစ် နေရာမှာပါ ကစားနိုင်စွမ်း ရှိပါတယ်။

Photo Credit: Standard

အူဒရာအိုဂိုက အသက် ၁၈နှစ်တောင် မပြည့်သေးပေမယ့် ဒီရာသီမှာ ရှော်ကေးလ်ရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားပြီး သူက ရှော်ကေးလ်အတွက် ဘွန်ဒက်လီဂါ-၂ပြိုင်ပွဲမှာ ၁၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပါတယ်။

အူဒရာအိုဂိုရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဥရောပ ထိပ်သီးအသင်း တချို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြပြီး ဘိုင်ယန်မြူးနစ်ကတော့ ဂျာမဏီ လူငယ်ကြယ်ပွင့်တွေနဲ့ ပတ်သတ်ရင် လက်သွက်တတ်တဲ့ သူတို့ရဲ့ အကျင့်အတိုင်း အခြားအသင်းတွေထက် လက်ဦးမှု ရယူကာ အူဒရာအိုဂိုကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းထောက် ဖြစ်သူ ပလက်တန်ဘက်ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အူဒရာအိုဂိုရဲ့ အေးဂျင့်နဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး ဆွေးနွေးမှုတွေက အပေါင်းလက္ခဏာ ဆောင်ခဲ့ကြောင်း သိရပါတယ်။

လက်ရှိမှာ ဘိုင်ယန်မြူးနစ် အပြင် လိုက်ပ်ဇစ်နဲ့ ဖရန့်ဖတ်တို့ကပါ အူဒရာအိုဂိုကို ခေါ်ယူဖို့ ကြိုးစားနေကြပြီး အူဒရာအိုဂိုကတော့ သူ့အတွက် ပွဲထွက်ခွင့် အာမခံချက် ရှိတဲ့ အသင်းဆီ ပြောင်းမယ်လို့ နီးစပ်သူတွေက ဆိုထားကြပါတယ်။