လတ်တလောမှာ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းနဲ့ အပြောင်းအရွှေ့ ကောလဟာလတင်းတွေ ထွက်ပေါ်လျက်ရှိနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာအတွက် လီဗာပူးလ်အသင်းအပြင် အခြားသော ကလပ်အသင်းတွေဆီကိုပါ မည့်သည်ကမ်းလှမ်းချက်ကို လက်ခံရရှိခြင်း မရှိသေးဘူးလို့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ဥက္ကဌဖြစ်သူ ရူမင်နစ်ဂီက ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Globo Esporte

အသက်(၂၉)နှစ်အရွှယ်ရှိ ဘာစီလိုနာအသင်းသားဟောင်း သီယာဂိုဟာ သူရဲ့ဘောလုံးသမားဘဝကို အဆုံးမသတ်ခင် ဥရောပထိပ်တန်းအသင်းကြီးတစ်သင်းဆီမှာ ပြောင်းရွှေ့ကစားချင်နေပြီး သူ့ကိုလည်း လီဗာပူးလ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ပဲ သီယာဂိုဟာ ယာဂင်ကလော့ရဲ့လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ကစားဖို့အတွက် သဘောတူညီမှု ရယူနိုင်ခဲ့ပြီဆိုပြီိး သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့်လည်း ဘိုင်ယန်ဥက္ကဌကတော့ သူတို့ရဲ့ကစားသမားအတွက် ဘယ်အသင်းရဲ့ကမ်းလှမ်းချက်တစ်စုံတစ်ရာကိုမှ မရရှိသေးဘူးလို့ တုန့်ပြန်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Sky Sports

ဘိုင်ယန်မြူးနစ်အသင်းကတော့ သူတို့ရဲ့ကွင်းလယ်ကစားသမားကို အသင်းကနေ ရောင်းချမသွားချင်ပဲ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားချင်နေပေမယ့် ကစားသမားကိုယ်တိုင်က အသင်းကနေ ထွက်ခွာသွားချင်တာကြောင့် ရောင်းချဖို့ ပြင်ဆင်လာခဲ့တာဖြစ်သလို သီယာဂိုနဲ့ ဘိုင်ယန်အသင်းတို့ကြား ချုပ်ဆိုထားခဲ့တဲ့ စာချုပ်သက်တမ်းကလည်း တစ်နှစ်လောက်သာ ကျန်ရှိတော့တာဖြစ်လို့ ဒီအချိန်ရောင်းချနိုင်မှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှံးရမှာဖြစ်ပါတယ်။ ဘိုင်ယန်က သီယာဂိုအတွက် ပြောင်းရွှေ့ကြေး ယူရို(၃၅)သန်းလောက်အထိ စျေးသတ်မှတ်ထားခဲ့ပေမယ့် နာမည်ကျော်ဂျာမန်သတင်းစာတစ်စောင်ဖြစ်တဲ့ Blid ကနေ ဖော်ပြချက်တွေအရ လီဗာပူးလ်ဘက်က သီယာဂိုကို ယူရို(၂၅)သန်းဝန်းကျင်လောက်သာ ပေးချေချင်နေတာကြောင့် ခေါ်ယူနိုင်ဖို့ အဆင်မပြေဖြစ်နေရတာလို့ သိရပါတယ်။ လီဗာပူးလ်ဟာ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်ခဲ့တဲ့ ဂျာမန်တိုက်စစ်ကစားသမား တီမိုဝါနာကို ကမ်းလှမ်းခဲ့စဉ်တုန်းက ဝါနာရဲ့စာချုပ်လျော်ကြေး ပေါင်(၅၄)သန်းကို ပေးချေဖို့ ဆန္ဒမရှိခဲ့တာကြောင့် ကမ်းလှမ်းမှုက အဆင်မပြေဖြစ်ခဲ့ရာကနေ နောက်ဆုံးမှာတော့ ဝါနာလည်း ချယ်လ်ဆီးအသင်းကိုပဲ ပြောင်းရွှေ့သွားခဲ့ရပါတယ်။