MySport Myanmar

ဒီနွေရာသီမှာ မာနေးကို အရခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေတဲ့ ဘိုင်ယန်မြူးနစ်

လာမယ့် ၂၀၂၃ခုနှစ် ဇွန်လမှာ လီဗာပူးလ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မယ့် ဆီနီဂေါတိုက်စစ်ကစားသမား ဆာဒီယိုမာနေးဟာ လက်ရှိအချိန်မှာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ မတိုးဖို့ထက် မကြာခင်မှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်သွားရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက်ကိုသာ အာရုံစိုက်ထားပြီး အဲ့ဒီဗိုလ်လုပွဲကြီး ပြီးဆုံးမှသာ သူရဲ့အနာဂတ်အတွက် ဆုံးဖြတ်ချက်ချသွားမယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။

Photo Credit :  90Min

ဒီလိုအခြေအနေမျိုး ရှိလို့နေတဲ့ ဆီနီဂေါလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား မာနေးကို ဂျာမနီ အင်အားကြီးကလပ် ဘွန်ဒစ်လီဂါ အရှင်သခင်ကြီး ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူသွားဖို့ ကြိုးပမ်းမှုတွေ စတင်လုပ်ဆောင်လာခဲ့ပါတယ်။ ဘိုင်ယန်ဟာ သူတို့ရဲ့အသင်းအတွက် အရေးပါဆုံး ကစားသမားတစ်ဦးဖြစ်သူ ပိုလန်ဂိုးမုဆိုးကြီး ရောဘတ်လီဝန်ဒေါစကီးကို ဒီနှစ်နွေမှာပဲ ဆုံးရှုံးသွားရနိုင်တဲ့ အခြေအနေတွေကြောင့် လီဝန်ဒေါစကီးနေရာမှာ ပြန်လည်အစားထိုးနိုင်မယ့် ကစားသမားတွေကို အပူတပြင်း ရှာဖွေနေရာ လီဗာပူးလ်အသင်းရဲ့ မာနေးကို အတော်လေး မျက်စိကျလာခဲ့ရပါတယ်။

Photo Credit : Football Insider

အသက်(၃၀)အရွှယ် မာနေးကို သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး သတင်းထောက်တွေ မေးမြန်းထားရာမှာလည်း တိကျတဲ့ အဖြေတစ်ခုကို မပေးခဲ့နိုင်ပဲ အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပြီးဆုံးချိန်မှသာ အဖြေတစ်ခုကို ပေးနိုင်မယ်လို့ ပြောဆိုထားခဲ့တာကြောင့် သူရဲ့အနာဂတ်က မရေမရာ ဖြစ်လာခဲ့ရပါတယ်။ ဒီလိုအခြေအနေမှာ မာနေးကို ဘိုင်ယန် ပီအက်စ်ဂျီအသင်းတွေက အပြိုင်စိတ်ဝင်စားလာခဲ့ပေမယ့် ပီအက်စ်ဂျီက ဘာပေကို စာချုပ်သစ် ချုပ်ဆိုထားခဲ့ရာမှာ ပေါင်သန်း(၅၀၀)လောက်အထိ အသုံးပြုထားရတဲ့အပြင် နေမာကို ရောင်းချဖို့ကလည်း လုံးဝမလွယ်ကူတာကြောင့် ပီအက်စ်ဂျီက မာနေးကို ခေါ်ယူနိုင်ဖို့ မလွယ်ကူပဲ ဘိုင်ယန်ကသာ မာနေးကို ခေါ်ယူနိုင်ဖို့ တစ်သင်းတည်း ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မာနေးရဲ့ တန်ကြေးက ယူရိုသန်း(၈၀)လောက်အထိ ရှိနေတယ်ဆိုပေမယ့် မာနေးဘက်ကသာ လီဗာပူးလ်နဲ့ သက်တမ်းတိုးဖို့ ပယ်ချခဲ့မယ်ဆိုရင်တော့ လီဗာပူးလ်အေနေနဲ့ မာနေးကို cut-price တန်ကြေးနဲ့ ရောင်းချရနိုင်ပြီး ပေါင်သန်း(၅၀)လောက်နဲ့ ရောင်းချသွားရနိုင်ပါတယ်။ မာနေးဟာ ၂၀၁၆ခုနှစ်ကမှ ဆောက်သမ်တန်ကနေ လီဗာပူးလ်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း (၂၆၈)ပွဲကစား စုစုပေါင်းသွင်းဂိုး (၁၂၀)ထိကို သွင်းယူထားနိုင်ခဲ့ကာ ဆုဖလား အောင်မြင်မှုများစွာ ရယူပိုင်ဆိုင်ထားခဲ့ပါတယ်။

Exit mobile version