ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဟာ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘွန်ဒက်လီဂါ ပွဲစဉ်(၂၈) အဖြစ် ဖရိုင်းဘက်နဲ့ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ပွဲစဉ်မှာ ဖရိုင်းဘက်ကို အဝေးကွင်းမှာ ၁-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် အဆိုပါပွဲစဉ်မှာ သူတို့အသင်းဘက်က ကစားသမား ၁၂ယောက် အထိ အသုံးပြုကာ ကစားမိခဲ့တဲ့ အခိုက်အတန့် တချို့ ရှိခဲ့တာကြောင့် ဖရိုင်းဘက်ကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးရဖွယ် ရှိနေကြောင်း ဂျာမန်အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ဘွန်ဒက်လီဂါ ပွဲစဉ် (၂၈) အဖြစ် ဖရိုင်းဘက်ရဲ့ အိမ်ကွင်း ယူရိုပါ့တ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ ဖရိုင်းဘက်က ဘိုင်ယန်မြူးနစ်ကို အခက်တွေ့အောင် ကြိုးစားကစားခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ရဲ့ တိုက်စစ်ကို ပထမပိုင်းမှာသာ တောင့်ခံနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ပေးဂိုးတွေ ဆက်တိုက် ဆိုသလို ခွင့်ပြုခဲ့ရကာ ၁-၄ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit: Bild

ဘိုင်ယန်မြူးနစ်ကတော့ ဒုတိယနေရာမှာ ရှိနေတဲ့ ဒေါ့မွန်ကို အမှတ်ဖြတ်နိုင်ဖို့ ဖရိုင်းဘက်ကို အမှားအယွင်း မရှိ အနိုင်ရအောင် အားကုန်ထုတ် ကစားခဲ့ပြီး သူတို့အသင်း အတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၅၈မိနစ်မှာ ဂေါ်ရက်ဇ်ကာ ၊ ပွဲကစားချိန် ၇၃မိနစ်မှာ ဂနာဘရီ ၊ ပွဲကစားချိန် ၈၂မိနစ်မှာ ကိုးမန်းနဲ့ ပွဲကစားချိန် ၉၀+၆မိနစ်မှာ ဆာဘစ်ဇာတို့က သွင်းယူပေးခဲ့ကာ ဖရိုင်းဘက်အတွက် သိက္ခာဆည် ချေပဂိုးကို ပွဲကစားချိန် ၆၃မိနစ်မှာ ပီတာဆန်က သွင်းယူပေးခဲ့တာပါ။

ဒါပေမယ့် ဘိုင်ယန်မြူးနစ်ဟာ ဖရိုင်းဘက်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်းမှာ ကစားသမား ၁၂ယောက် အထိ အသုံးပြုကာ ကစားခဲ့တဲ့ အခိုက်အတန့် တချို့ ရှိခဲ့ပြီး ဘိုင်ယန်မြူးနစ်နည်းပြ နစ်ဂယ်စမန်းက ကိုးမန်းနဲ့ တိုလစ်ဆိုတို့ကို ဆာဘစ်ဇာ ၊ ဇူလာတို့နဲ့ လူစားလဲခဲ့ချိန်မှာ ကိုးမန်းက သူ့ကို လူစားလဲခဲ့မှန်း မသိတာကြောင့် ပွဲကို ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ရာ အဆိုပါ အခိုက်အတန့် အတွင်းမှာ ဘိုင်ယန်မြူးနစ်ဘက်က ကစားသမား ၁၂ယောက် အထိ ကွင်းထဲမှာ ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Bild

ဂျာမန်ဘောလုံးအဖွဲ့ချုပ်က ချမှတ်ထားတဲ့ စည်းမျဉ်းတွေထဲမှာ အသင်းတသင်းရဲ့ ကစားသမား တဦးဟာ ပွဲအတွင်းကနေ လူစားလဲခံရချိန်မှာ ကွင်းအပြင်ကို မထွက်ပဲ ပွဲကို ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ပါက အဆိုပါအသင်းဟာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးရမယ် ဆိုတဲ့ အချက်တခု ပါဝင်နေပြီး ဒီအချက်ကြောင့်ပဲ ဘိုင်ယန်မြူးနစ်က ဖရိုင်းဘက်ကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးရတော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ဂျာမန်ဘောလုံးအဖွဲ့ချုပ်က ဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေကာ ဖရိုင်းဘက်နည်းပြ ခရစ်ဆန်ကတော့ သူတို့အသင်းဟာ ကိုးမန်းရဲ့ လုပ်ရပ်နဲ့ ပတ်သတ်ပြီး တိုင်ကြားဖို့ အစီအစဉ် မရှိပေမယ့် စည်းမျဉ်းအတိုင်း လုပ်ဆောင်ဖို့ လိုအပ်ကြောင်း မှတ်ချက်ပြုထားပါတယ်။