ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အမာခံပရိသတ်တွေက ယမန်နေ့ညမှာ ကစားခဲ့တဲ့ ဘွန်ဒက်လီဂါ ပွဲစဉ်(၂၁)မှာ သူတို့အသင်းရဲ့ ချန်ပီယံလုဘက် လေဗာကူဆင်ကို အဝေးကွင်းမှာ ခြေပြတ် ၊ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြချုပ် တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆန္ဒပြ တောင်းဆိုနေကြတယ်လို့ ဂျာမဏီအခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဂျာမဏီ ထိပ်သီးနည်းပြ သောမတ်စ် တူဟယ်လ်က ၂၀၂၃ခုနှစ် ၊ မတ်လမှ စတင်ကာ ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်နေသူ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်က သူ့ကို ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Goal

တူဟယ်လ်က သူ့ရဲ့ ဘိုင်ယန်မြူးနစ် နည်းပြဘဝ ပထမဦးဆုံး ဘောလုံးရာသီမှာ ဘွန်ဒက်လီဂါ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဘိုင်ယန်မြူးနစ် အတွက် ဆုဖလား တလုံးမှ ရယူပေးနိုင်ခြင်း မရှိသေးပဲ ဂျာမန် စူပါဖလားပြိုင်ပွဲမှာ လိုက်ပ်ဇစ်ကို အရေးနိမ့်ခဲ့သလို ဂျာမန် ပိုကယ်ဖလားပြိုင်ပွဲမှာလည်း အသင်းငယ် ဆာဘရူကန်ကို ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

ဒါကြောင့် ဘိုင်ယန်မြူးနစ်က ဆုဖလား မျှော်လင့်ချက် အတွက် လက်ကျန်ရာသီဝက်မှာ ဘွန်ဒက်လီဂါ ဆုဖလား (ဒါမှမဟုတ်) ချန်ပီယံလိဂ် ဆုဖလားကို အရယူဖို့ လိုအပ်နေပါတယ်။

Photo Credit: Reddit

ဒါပေမယ့် လက်ရှိ ဘိုင်ယန်မြူးနစ်ရဲ့ ခြေစွမ်းပိုင်းအရ ချန်ပီယံလိဂ် ဆုဖလားကို သိမ်းပိုက်နိုင်ဖို့ မလွယ်ကူသလို ဘွန်ဒက်လီဂါပြိုင်ပွဲမှာလည်း ပွဲစဉ်(၂၁)မှာ အဆင့်(၁) လေဗာကူဆင်ကို အဝေးကွင်းမှာ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ခြေပြတ် ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် လေဗာကူဆင်နဲ့ ရမှတ် ၅မှတ် အထိ ပြတ်တောက်သွားပါပြီ။

ဂျာမဏီ ဒေသတွင်း သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ လေဗာကူဆင်ကို အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ဒေါသထွက်နေတဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ပရိသတ်တွေက အသင်းရဲ့ ကွင်းပတ်ဝန်းကျင်နဲ့ လေ့ကျင့်ရေးကွင်း အနားမှာ “တူဟယ်လ် ထွက်သွား” လို့ အဓိပ္ပါယ် ရတဲ့ စာသားတွေကို လာကပ်ကာ နည်းပြချုပ် တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် တောင်းဆိုလာကြကြောင်း သိရှိရပါတယ်။