ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ အတွက် ကြိုတင် ပြင်ဆင်မှု အဖြစ် ကစားခဲ့တဲ့ ပထမဦးဆုံး ခြေစမ်းပွဲမှာပဲ ဒေသတွင်းကလပ် ရိုတက်ချ် အီဂန်ကို ၂၇ဂိုး အထိ သွင်းပြီး ခြေပြတ် ၊ ဂိုးပြတ် အနိုင်ယူခဲ့ကြောင်း သိရပါတယ်။

ဂျာမန်လူမျိုး ထိပ်သီးနည်းပြ တူဟယ်လ် ဦးဆောင်နေတဲ့ ဘိုင်ယန်မြူးနစ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ တိုက်စစ်ပိုင်း အားနည်းချက်တွေကြောင့် ဘွန်ဒက်လီဂါ ဆုဖလား တလုံးထဲကိုသာ ရယူနိုင်ခဲ့တာကြောင့် ရာသီသစ်မှာ တိုက်စစ်ပိုင်းကို အဓိကထား ပြင်ဆင်ဖို့ ဆုံးဖြတ်ထားတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Sports Bible

တူဟယ်လ်က ရာသီသစ်အတွက် ကြိုတင် ပြင်ဆင်တဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ တိုက်စစ်အသားပေး လေ့ကျင့်ခန်းတွေကို အဓိကထား ပြုလုပ်စေခဲ့ပြီး သူ့ရဲ့ ကောင်းမွန်တဲ့ လေ့ကျင့် သင်ကြားပေးမှုတွေကြောင့် ဘိုင်ယန်မြူးနစ်က ရာသီကြို ပထမဦးဆုံး ခြေစမ်းပွဲမှာတင် ပြိုင်ဘက် ရိုတက်ချ် အီဂန်ကို ၂၇ဂိုး အထိ သွင်းယူကာ ချေမှုန်းနိုင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်က သူတို့အသင်းရဲ့ ပထမဦးဆုံး ခြေစမ်းပွဲ အဖြစ် ဒေသတွင်းကလပ် ရိုတက်ချ် အီဂန်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားခဲ့ပြီး အဆိုပါပွဲမှာ တူဟယ်လ်က ကစားသမား အကုန်လုံးကို နေရာပေး ကစားစေခဲ့ကာ ဘိုင်ယန်မြူးနစ်ဟာ ပထမပိုင်းမှာတင် ၁၈ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Sporting Life

ဒုတိယပိုင်းမှာလည်း ဘိုင်ယန်မြူးနစ်ရဲ့ လူစားဝင် ကစားသမားတွေက ကစားအား မချပဲ ဆက်တိုက် တိုက်စစ်ဆင် ကစားခဲ့တာကြောင့် နောက်ထပ် ၉ဂိုး သွင်းယူနိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်မှာ ဘိုင်ယန်မြူးနစ်က ၀-၂၇ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ် အတွက် သွင်းဂိုးတွေကို လူငယ်ကြယ်ပွင့်တွေ ဖြစ်တဲ့ မူစီအာလာ ၊ မာသီတဲလ်နဲ့ ကွင်းလယ်လူ ဆာဘစ်ဇာတို့က ၅ဂိုးစီ သွင်းယူပေးခဲ့ကြသလို ဂနာဘရီက ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီး ဒေဗီးစ် ၊ လိုင်မာ ၊ မာဇရိုနီ ၊ အူပါမီကာနို ၊ ဆာနေး ၊ ဂွာရဲရိုး ၊ ဂရာဗန်ဘက် ၊ ကိုးမန်းနဲ့ မာနေးတို့က ၁ဂိုးစီ သွင်းယူပေးခဲ့ကြပါတယ်။