ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ပြီးခဲ့တဲ့ ၂၀၂၂ နွေဈေးကွက်မှာမှ လီဗာပူးကနေ သူတို့အသင်းဆီ ပြောင်းရွှေ့လာတဲ့ ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှူး ဆာဒီယို မာနေးကို ယခု နွေဈေးကွက် အတွင်းမှာပဲ ရောင်းချဖို့ ဆုံးဖြတ်လိုက်ကြောင်း နာမည်ကြီး ဂျာမန်သတင်းဌာန တခု ဖြစ်တဲ့ Sky Germanyက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ဆီနီဂေါ လက်ရွေးစင် အသင်းခေါင်းဆောင် မာနေးက ၂၀၂၂ နွေဈေးကွက်မှာမှ လီဗာပူးကနေ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၃၂သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်က မာနေးကို ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့တာပါ။

Photo Credit: Goal

ဘိုင်ယန်မြူးနစ်က မာနေးကို အသင်းကနေ ထွက်ခွာသွားတဲ့ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် အားကိုးတကြီး ခေါ်ယူခဲ့ပေမယ့် မာနေးက ဘိုင်ယန်မြူးနစ်မှာ ထင်ထားသလို ခြေစွမ်းကောင်းတွေ မပြသနိုင်ခဲ့ပဲ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မာနေးက ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံ ၃၈ပွဲမှာ သွင်းဂိုး ၁၂ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဆာဒီယို မာနေးက ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ဆုံးခါနီးမှာလည်း အသင်းဖော် လီရွိုင်း ဆာနေးကို ထိုးကြိတ်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းနဲ့ လုပ်ရပ်တွေကြောင့်ပဲ ဘိုင်ယန်မြူးနစ် နည်းပြချုပ် တူဟယ်လ်နဲ့ တာဝန်ရှိသူတွေက ယခု နွေဈေးကွက် အတွင်းမှာ မာနေးကို ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Germanyရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ယခု နွေဈေးကွက် အတွင်းမှာ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ပြီးနောက် အသင်းမှာ မလိုအပ်တော့တဲ့ မာနေးကို ရောင်းချဖို့ပါ တခါထဲ စဉ်းစားထားပြီး ဘိုင်ယန်မြူးနစ်ဟာ မာနေးကို ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ရရုံနဲ့ ရောင်းချတော့မယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဆော်ဒီ နာမည်ကြီးကလပ်တွေက မာနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး မာနေးကတော့ ဘိုင်ယန်မြူးနစ်မှာပဲ ဆက်နေဖို့ စီစဉ်နေပေမယ့် ဘိုင်ယန်မြူးနစ်က သူ့ကို ရောင်းချဖို့ အတင်းအကျပ် လုပ်လာမယ် ဆိုရင် အသင်းပြောင်းဖို့ ပြန်ပြောင်း စဉ်းစားနိုင်ပါတယ်။