ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကနေ နှစ်စဉ်နှစ်တိုင်း ပေးအပ်နေကြဖြစ်တဲ့ FIFA The Best Men’ Player Award ဆုကို (၂)နှစ်ဆက်တိုက်ထိ ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ပိုလန် တိုက်စစ်ကစားသမားကြီး ရောဘတ်လီဝန်ဒေါစကီးကို ဘိုင်ယန်ဘက်ကနေ စာချုပ်သက်တမ်းတိုး ကြိုးပမ်းသွားမှာ ဖြစ်ပေမယ့်လည်း ဒီကြိုးပမ်းမှုကို ကစားသမားဘက်ကနေ လက်ခံခဲ့ခြင်း မရှိဘူးဆိုရင်တော့ လာမယ့် နွေစျေးကွက်မှာပဲ အသင်းကနေ ရောင်းထုတ်ဖွယ် ရှိနိုင်တယ်လို့ ဂျာမနီ နာမည်ကြီး သတင်းစာ The Blid ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Daily Express

အသက်(၃၃)နှစ်အရွှယ်ရှိ ပိုလန်လက်ရွေးစင် ဂိုးသွင်းမုဆိုးကြီး လီဝန်ဒေါစကီးဟာ ဘိုင်ယန်အသင်းရဲ့ အရေးပါလှတဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်နေပေမယ့် သူရဲ့စာချုပ်သက်တမ်းက လာမယ့်နှစ် ဇူလိုင်လမှာပဲ ကုန်ဆုံးတော့မှာဖြစ်လို့ အသင်းဘက်ကနေ လီဝန်ဒေါစကီးကို စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်ဖို့ ကြိုးပမ်လာခဲ့ပေမယ့် ဒီကြိုးပမ်းမှုသာ အဆင်မပြေခဲ့ဘူးဆိုရင်တော့ လီဝန်ဒေါစကီးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်ရဖို့အတွက် လာမယ့်နွေစျေးကွက်မှာပဲ ရောင်းထုတ်သွားဖွယ် ရှိလာနိုင်တယ်လို့ The Blid ကနေ ဖော်ပြလာပါတယ်။

Photo Credit : The Sun

ပိုလန်လက်ရွေးစင် ဂိုးသွင်းစက် လီဝန်ဒေါစကီးဟာ ၂၀၁၄ခုနှစ်ကတည်းက ဒေါ့မွန်ကနေ ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း ဘိုင်ယန်နဲ့ ဘောလုံးရာသီ (၈)ရာသီမြောက်ကို ဖြတ်သန်းနေသလို ဒီနှစ်ဘောလုံးရာသီအတွင်း ပြိုင်ပွဲစုံမှာ သွင်းဂိုး(၃၄)ထိပါ သွင်းယူထားနိုင်ပါတယ်။ လီဝန်ဒေါစကီးက ဒီရာသီအတွင်း ဘိုင်ယန်နဲ့ ဘွန်ဒစ်လီဂါအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာပါ အသင်းလိုက် အောင်မြင်မှုတွေနဲ့ တစ်ဦးချင်း အောင်မြင်မှုတွေကို ရယူနိုင်ဖို့ ရေပန်းစားနေပေမယ့်လည်း သူရဲ့ အနာဂတ်က ခုချိန်ထိကို မရေမရာ ဖြစ်နေရပြီး ကစားသမားကိုယ်တိုင်က သူရဲ့ ကစားသမားဘဝ အဆုံးမသတ်ခင် အကောင်းဆုံး အနေအထား ရောက်နေချိန်မှာ ပရီးမီးယားလိဂ် ဒါမှမဟုတ် စပိန်လာလီဂါပြိုင်ပွဲတွေက ထိပ်တန်းအသင်းကြီး တစ်သင်းသင်းဆီ ပြောင်းရွှေ့ချင်နေတယ်လို့ပါ သတင်းတွေ ထွက်လို့နေပါတယ်။ တကယ်လို့ ဘိုင်ယန်နဲ့ လီဝန်ဒေါစကီးတို့သာ လက်တွဲဖြုတ်ခဲ့မယ်ဆိုရင်တော့ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေဖြစ်တဲ့ မန်စီးတီး လီဗာပူးလ် ချယ်လ်ဆီးတို့အပြင် ဘာပေကို လက်လွတ်ရနိုင်တဲ့ ပီအက်စ်ဂျီအသင်းပါ လီဝန်ဒေါစကီးကို ပစ်မှတ်ထားလာနိုင်ပါတယ်။