ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ့် နည်းပြချုပ် သောမတ်စ် တူဟယ်လ်ရဲ့ နေရာအတွက် လေဗာကူဆင်နည်းပြ အလွန်ဆိုကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ပြောင်းလဲ ကြိုးစားနေကြောင်း ဂျာမန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဘိုင်ယန်မြူးနစ်က ဂျာမန်ထိပ်သီးနည်းပြ သောမတ်စ် တူဟယ်လ်ကို ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ခါနီးမှာမှ ၃နှစ်စာချုပ်နဲ့ ခေါ်ယူ ခန့်အပ်ခဲ့တာ ဖြစ်ပေမယ့် တူဟယ်လ်ရဲ့ လက်အောက်မှာ ရလဒ်ကောင်းတွေ မရခဲ့တာကြောင့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ တူဟယ်လ်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Goal

ဘိုင်ယန်မြူးနစ်နဲ့ တူဟယ်လ်တို့က ရာသီကုန်ချိန်မှာ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက လေဗာကူဆင်ကို အကောင်းဆုံး ဦးဆောင်ပေးထားတဲ့ ကစားသမားဟောင်း အလွန်ဆိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ချဉ်းကပ်ခဲ့ပေမယ့် အလွန်ဆိုက ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး လေဗာကူဆင်မှာပဲ ၁ရာသီ ဆက်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အလွန်ဆိုရဲ့ ငြင်းဆန်မှုကို ခံခဲ့ရပြီးနောက် ဘိုင်ယန်မြူးနစ်က အခြား ထိပ်သီးနည်းပြတွေကို လိုက်လံ ချဉ်းကပ်နေပြီး ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြလောင်း စာရင်းထဲမှာ ဘရိုက်တန်နည်းပြ ဒီဇာဘီ ၊ အသင်းလက်မဲ့ ဖြစ်နေကြတဲ့ ပေါ်တူဂီ ထိပ်သီးနည်းပြ မော်ရင်ဟိုနဲ့ ပြင်သစ် ထိပ်သီးနည်းပြ ဇီဒန်းတို့ ပါဝင်နေကြပါတယ်။

Photo Credit: Standard

ဂျာမဏီအခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bildရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာပြီးနောက် အချိန်အတော်ကြာ အနားယူနေတဲ့ ဇနက်ဒင်း ဇီဒန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ချဉ်းကပ်မှုတွေ လုပ်နေပြီး အကယ်၍ ဇီဒန်းကသာ ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ် အဖြစ် လုပ်ကိုင်ဖို့ သဘောတူခဲ့မယ် ဆိုရင် ရစ်ဘာရီကလည်း ဇီဒန်းရဲ့ နည်းပြအဖွဲ့ထဲမှာ ပါဝင်လာနိုင်ကြောင်း သိရှိရပါတယ်။

အသက် ၅၁နှစ် အရွယ် ပြင်သစ်ဂန္တဝင် ဇနက်ဒင်း ဇီဒန်းက ရီးရဲလ်မက်ဒရစ်ကို ၆ရာသီ ကိုင်တွယ်ခဲ့ရာ ကမ္ဘာ့ကလပ်ဖလား ၂ကြိမ် ၊ ချန်ပီယံလိဂ် ၃ကြိမ် ၊ လာလီဂါ ၂ကြိမ် ၊ ဥရောပ စူပါဖလား ၂ကြိမ် ၊ စပိန် စူပါဖလား ၂ကြိမ် စုစုပေါင်း ဆုဖလား ၁၁လုံး အထိ ရယူနိုင်ခဲ့သူပါ။