ဘိုင်ယန်မြူးနစ်အသင်းဟာ အခု နွေစျေးကွက်အတွင်းမှာ လိုက်ပ်ဇစ်နောက်ခံလူ အူပါမယ်ကာနို အပါအဝင် ကစားသမားသစ် (၃)ဦးကို ခေါ်ယူအားဖြည့်ထားခဲ့သလို လတ်တလောမှာ အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ အသင်းရဲ့ Legend ကစားသမားဟောင်းကြီးတစ်ဦးဖြစ်သူ ဖရန့်ရီဘာရီကိုပါ အသင်းဆီ ပြန်လည်ခေါ်ယူသွားဖို့ကို စဉ်းစားလျက်ရှိနေတယ်လို့ အီတလီအခြေစိုက် Gazzetta Dello Sport သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Youtube

အသက်(၃၈)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင်ဟောင်း ဝါရင့်ကစားသမားကြီး ရစ်ဘာရီဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ဆယ်စုနှစ်တစ်ခုကျော်လောက်အထိကို ပါဝင်ကစားခဲ့တဲ့ တောင်ပံကစားသမားတစ်ဦးဖြစ်သလို အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာတော့ စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ စီးရီးအေမှာ (၂)ရာသီနီးပါး ကျင်လည်ခဲ့တဲ့ ရစ်ဘာရီဟာ လက်ရှိမှာ ဖီအိုရင်တီးနားနဲ့ စာချုပ်သက်တမ်း ကုန်ဆုံံးသွားလို့ Free Agent ကစားသမားတစ်ယောက် ဖြစ်နေချိန် သူ့ကို သူရဲ့အသင်းဟောင်း ဘိုင်ယန်ကနေ ပြန်လည်ခေါ်ယူသွားဖို့ စဉ်းစားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Bayern Strikes

ဘွန်ဒစ်လီဂါ ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းမှာ အရည်အသွေးကောင်းတဲ့ တောင်ပံကစားသမားတွေအဖြစ် ဆာနေး ဂါနာဘရီ ကိုးမန်တို့ ရှိနေပေမယ့် ဆာနေးနဲ့ ဂါနာဘရီတို့က ညာတောင်ပံဘက်ခြမ်းမှာ ဦးစားပေး ကစားသူတွေဖြစ်ပြီး ဘယ်တောင်ပံခြမ်းမှာတော့ ကိုးမန်းတစ်ယောက်တည်း ရှိနေတဲ့အတွက် ဝါရင့်ဘယ်တောင်ပံကစားသမားဟောင်းကြီး ရစ်ဘာရီကို အသင်းဆီ ပြန်လည်ခေါ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။ အသက်(၄၀)အရွှယ်နားကို ရောက်ရှိနေတဲ့ ရစ်ဘာရီဟာ သူရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်သွားဖို့ အစီအစဉ်မရှိသေးပဲ ကလပ်အသင်း တစ်သင်းသင်းမှာ ဘောလုံးဆက်ကစားချင်နေတာကြောင့် အသင်းဟောင်း ဘိုင်ယန်ကသာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် လက်ခံသွားဖွယ် ရှိနေပါတယ်။ ရစ်ဘာရီဟာ ဘိုင်ယန်အသင်းမှာ ဂျာမန်ဘွန်ဒစ်လီဂါ အမှတ်ပေးဖလား (၉)ကြိမ် ချန်ပီယံလိဂ်ဖလား (၁)ကြိမ် ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကိုလည်း (၁)ကြိမ်စီ ပိုင်ဆိုင်နိုင်ခဲ့ပြီး အသင်းမှာ နယ်သာလန် တောင်ပံကစားသမားကြီး အာဂျန်ရော်ဘင်နဲ့ တွဲဖက်ကာ အောင်မြင်မှုများစွာကို ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။