ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်နွေစျေးကွက်အတွင်းမှာ အသင်းနဲ့ လက်တွဲဖြုတ်သွားဖွယ် ရှိလို့နေတဲ့ ပိုလန်တိုက်စစ်ကစားသမားကြီး ရောဘတ်လီဝန်ဒေါစကီးရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ဂိုးမြူးနေတဲ့ အေဂျက်စ် တိုက်စစ်ကစားသမား ဆီဘက်စတီယန်ဟယ်လာကို ပစ်မှတ်ထားနေတယ်လို့ Fichajes ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Goal

ဘိုင်ယန်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားဖြစ်တဲ့ လီဝန်ဒေါစကီးဟာ ဘိုင်ယန်နဲ့ ကာလရှည်ကြာ ဖြတ်သန်းထားသူ ဖြစ်ပေမယ့်လည်း လာမယ့်နွေမှာတော့ အသင်းပြောင်းဖွယ် ရှိနေတဲ့အတွက် လီဝန်ဒေါစကီးကိုသာ လက်လွတ်လိုက်ရမယ်ဆိုရင် သူ့နေရာမှာ အစားထိုးဖို့အတွက် အေဂျက်စ်ရဲ့ တိုက်စစ်ကစားသမား ဟယ်လာကို ချိန်ရွှယ်နေတယ်လို့ သိရှိရပါတယ်။ အိုင်ဗရီကို့စ် တိုက်စစ်ကစားသမား ဟယ်လာဟာ အေဂျက်စ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားရချိန် သူရဲ့တိုက်စစ်စွမ်းရည်ကောင်းတွေကို ပြသနိုင်ခဲ့ပြီး အုပ်စုပွဲစဉ်တွေ ကစားထားပြီးချျိန်မှာပဲ သွင်းဂိုး(၁၀)ဂိုးထိ သွင်းယူထားကာ ဒီရာသီ ချန်ပီယံလိဂ်ရဲ့ သွင်းဂိုးအများဆုံး ကစားသမား ဖြစ်နေရပါတယ်။

Photo Credit : Africa Top Sports

အသက်(၂၇)နှစ်အရွှယ်ရှိ တိုက်စစ်ကစားသမား ဟယ်လာဟာ သူရဲ့အသင်းဟောင်း ဝက်စ်ဟမ်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာကြောင့် ၂၀၂၁ခုနှစ် ဆောင်းစျေးကွက်ထဲမှာ အေဂျက်စ်အသင်းဆီ ပေါင်(၂၂.၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့ရပြီး ပထမရာသီမှာပဲ အသင်းအတွက် သွင်းဂိုး(၁၃)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ ဟယ်လာဟာ နယ်သာလန် အမှတ်ပေးလိဂ်မှာသာမကပဲ ချန်ပီယံလိဂ်မှာပါ သူရဲ့သွင်းဂိုးတွေက ထင်မထားလောက်အောင်ကို များပြားနေခဲ့ရပါတယ်။ ဟယ်လာဟာ သူရဲ့ပထမဦးဆုံး ချန်ပီယံလိဂ်ပြိုင်ပွဲမှာပဲ အုပ်စုပွဲစဉ်တိုင်း သွင်းဂိုးတွေ သွင်းယူထားနိုင်ခဲ့သလို အသင်းကိုလည်း အုပ်စုပထမနေရာနဲ့ (၁၆)သင်း ရှုံးထွက်အဆင့်ထိ ပို့ဆောင်ထားနိုင်ခဲ့တာကြောင့် သူ့ကို ကလပ်အသင်းတချို့ကပါ စိတ်ဝင်စားလာကြပြီး တိုက်စစ်ပြန်လည် အားဖြည့်ဖို့ လိုအပ်နေတဲ့ အာဆင်နယ်အသင်းကလည်း စောင့်ကြည့်လျက် ရှိနေပါတယ်။ ဒါပေမယ့် ချယ်လ်ဆီး ရီးယဲလ်မက်ဒရစ် မန်စီးတီးတို့လို အသင်းတွေနဲ့ သတင်းထွက်နေတဲ့ လီဝန်ဒေါစကီးကို ဆုံးရှုံးရမယ်ဆိုရင် ဘိုင်ယန်ဘက်က ဟယ်လာကို လီဝန်ဒေါစကီးနေရာမှာ ပြန်လည်အစားထိုးနိုင်ပါတယ်။ ဟယ်လာကိုယ်တိုင်ကလည်း ဖရန့်ဖတ်အသင်းနဲ့အတူ ဘွန်ဒစ်လီဂါမှာ ကျင်လည်ခဲ့ဖူးသူဖြစ်လို့ ဘိုင်ယန်ရဲ့ တိုက်စစ်ပိုင်းအတွက် Option တစ်ခု ဖြစ်လာနိုင်ပါတယ်။