ဘိုင်ယန်မြူးနစ်အသင်းကတော့ ဂျာမန်ဘွန်ဒစ်လီဂါမှာ (၉)နှစ်ဆက်တိုက်အထိ ချန်ပီယံဆုကို တစ်သင်းတည်း ပိုင်ဆိုင်ထားခဲ့တဲ့ အင်အားကြီးအသင်းတစ်သင်းဖြစ်သလို သူရဲ့ဒေသတွင်းပြိုင်ဘက် ကလပ်အသင်းတွေရဲ့ ကြယ်ပွင့်ကစားသမားတွေကိုပါ သူတို့အသင်းဆီ အရောက်ခေါ်ယူပြီး အသင်းရဲ့အင်အားကို တောင့်တင်းလာအောင် လုပ်ဆောင်တတ်သလို ပြိုင်ဘက်အသင်းကိုလည်း အင်အားလျော့နည်းသွားစေနိုင်အောင် လုပ်ဆောင်တတ်ပါသေးတယ်။

Photo Credit : Goal

ဘိုင်ယန်မြူးနစ်အသင်းဟာ ယခင်ကတည်းက ဘွန်ဒစ်လီဂါပြိုင်ဘက်အသင်းတွေကနေ ထိပ်တန်းကစားသမားများစွာကို ခေါ်ယူထားခဲ့ပြီး အခုလည်း သူတို့ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်သူ ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့အထိပါ စီစဉ်နေတယ်လို့ The Telegraph ကနေ ဖော်ပြလာခဲ့ပါတယ်။ အသက်(၂၁)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုဟာ လာမယ့်နွေမှာ အသင်းနဲ့ လက်တွဲဖြုတ်သွားဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေတာကြောင့် သူ့ကို ဘိုင်ယန်ဘက်ကနေ စိတ်ဝင်စားမှုတွေ ရှိလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Red Devil Armada

ဘိုင်ယန်ဟာ လွန်ခဲ့တဲ့ နှစ်တွေတုန်းကလည်း ဒေါ့မွန်ရဲ့ အကောင်းဆုံးကစားသမားတွေဖြစ်တဲ့ ရောဘတ်လီဝန်ဒေါစကီး မာရီယိုဂေါ့ဇီ ဟမ်းမဲလ်စ်တို့ကို ခေါ်ယူခဲ့ဖူးပြီး လီဝန်ဒေါစကီးဆိုရင် အခုချိန်ထိ ဘိုင်ယန်အသင်းမှာ သွင်းဂိုးတွေများစွာကို သွင်းယူပေးနေသူဖြစ်ပါတယ်။ အခုလည်း ဒေါ့မွန်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ ဆန်ချိုကိုပါ ထပ်မံအရခေါ်ယူသွားဖို့ပါ ပြင်ဆင်လာခဲ့ပြီး ဒီအပြောင်းအရွှေ့က ဖြစ်လာနိုင်ဦးမှာဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒေါ့မွန်အသင်းက အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေ တည်ငြိမ်မှုရှိစေဖို့ ဆန်ချိုလို ထိပ်တန်းကစားသမားမျိုးကို ရောင်းထုတ်သွားဖို့ စီစဉ်နေတာဖြစ်သလို သူရဲ့တန်ကြေးကိုလည်း ပေါင်သန်း(၈၀)ဝန်းကျင်လောက်အထိ လျော့ချပေးသွားမှာလည်းဖြစ်ပါတယ်။ လတ်တလောမှာ ဆန်ချိုကို ခေါ်ယူသွားဖို့ မန်ချက်စတာယူနိုက်တက်အသင်းက သတင်းအထွက်ဆုံးဖြစ်နေသလို လီဗာပူးလ်အသင်းဘက်ကနေလည်း ဆာလာသာ အသင်းကနေ ထွက်ခွာသွားမယ်ဆိုရင် သူရဲ့နေရာမှာ ဆန်ချိုနဲ့ ပြန်လည်အစားထိုးသွားဖို့ ပစ်မှတ်ထားလျက် ရှိနေပါတယ်။