ဥရောပရဲ့ ထိပ်တန်းကလပ်အသင်းများစွာကနေ စိတ်ဝင်စားခြင်းကိုခံနေရတဲ့ လိုက်ပ်ဇစ်အသင်းရဲ့ ပြင်သစ်နောက်ခံကစားသမား ဒေးယော့အူပါမယ်ကာနိုကို လီဗာပူးလ် မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့လို ပရီးမီးယားလိဂ်က ထိပ်သီးအသင်းတွေကနေ အပြိုင်ပစ်မှတ်ထားနေကြပေမယ့်လည်း ဒီအသင်းတွေအားလုံးထက် ဘိုင်ယန်မြူးနစ်အသင်းဘက်ကနေ လက်ဦးမှု ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဘိုင်ယန်အားကစားဒါရိုက်တာကိုယ်တိုင်က အတည်ပြုထုတ်ပြန်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်နောက်ခံကစားသမား အူပါမယ်ကာနိုဟာ လိုက်ပ်ဇစ်အသင်းရဲ့ အဓိကနောက်ခံလူတစ်ယောက်ဖြစ်ပြီး လက်ရှိဥရောပဘောလုံးနယ်ပယ်ထဲမှာ အကောင်းဆုံးခြေစွမ်းတွေကို ပြသနေတဲ့ ဗဟိုခံစစ်မှူးတစ်ယောက်ဖြစ်နေတဲ့အတွက် သူ့ကို ကလပ်အသင်းများစွာကနေ ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ အူပါမယ်ကာနိုကို ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ထိပ်တန်းကလပ်အသင်းတွေကနေ စိတ်ဝင်စားနေကြပေမယ့်လည်း လက်ရှိမှာ ဒီကစားသမားကို ရရှိဖို့က ဘိုင်ယန်အသင်းဘက်က အခြေအနေအကောင်းဆုံး ဖြစ်လို့နေပြီး လာမယ့်နွေစျေးကွက်မှာပဲ အပြောင်းအရွှေ့က ဖြစ်မြောက်တော့မယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်နွေရာသီမှာပဲ အသင်းရဲ့ သြစတြီးယားနောက်ခံကစားသမား ဒေးဗစ်အလာဘာကို အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်သွားရတော့မှာဖြစ်လို့ သူရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် လိုက်ပ်ဇစ်နောက်ခံလူ အူပါမယ်ကာနိုနဲ့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဘိုင်ယန်ဟာ အူပါမယ်ကာနိုကို ပြောင်းရွှေ့ကြေး ပေါင်(၃၇)သန်း (၅)နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်တော့မှာဖြစ်တယ်လို့ ဘိုင်ယန်အားကစားဒါရိုက်တာ ဟာဆန်ကနေ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဘိုင်ယန်ဒါရိုက်တာဟာဆန်ရဲ့ထုတ်ပြန်မှုကြောင့် အူပါမယ်ကာနိုကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေအနေနဲ့ သတင်းဆိုးဖြစ်စေခဲ့ရပြီး ကစားသမားကိုယ်တိုင်ကလည်း သူ့အတွက် အကောင်းဆုံးဖြစ်စေမယ့် ဆုံးဖြတ်ချက်ကိုပဲ ချမှတ်ခဲ့တာဖြစ်တယ်လို့ ဟာဆန်က ပြောဆိုသွားခဲ့ပါတယ်။ ဘိုင်ယန်နောက်ခံလူ အလာဘာကတော့ ရီးရဲလ်မက်ဒရစ် ချယ်လ်ဆီး လီဗာပူးလ်အသင်းတို့ရဲ့ ပစ်မှတ်ဖြစ်လို့နေပြီး သူရဲ့တစ်ပတ်လုပ်ခပမာဏက အလွန်မြင့်မားလွန်းနေတာကြောင့် ခေါ်ယူဖို့ ခဲယဉ်းလျက်ရှိနေပါတယ်။