MySport Myanmar

ဂရန်နာဒါကြယ်ပွင့် ဇာရာဂိုဇာကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့တဲ့ ဘိုင်ယန်

ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က လာလီဂါကလပ် ဂရန်နာဒါရဲ့ ဘယ်တောင်ပံ ကစားသမား ဇာရာဂိုဇာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေသလို ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ပူပူနွေးနွေး စပိန်လက်ရွေးစင် ဘယ်တောင်ပံတိုက်စစ် ကစားသမား ဘာယန် ဇာရာဂိုဇာက ဂရန်နာဒါရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် တောင်ပံတိုက်စစ် ကစားသမား ဖြစ်ပြီး သူက ညာခြေကို အဓိက အားပြု ကစားလေ့ ရှိပါတယ်။

Photo Credit: Euro Sports

ဇာရာဂိုဇာက ၂၀၂၂ခုနှစ်မှ စတင်ကာ ဂရန်နာဒါ အတွက် ပါဝင် ကစားပေးနေသူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ရာသီမှာ ဂရန်နာဒါ အတွက် ပြိုင်ပွဲစုံမှာ ၃၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ် ရရှိခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာတော့ ဇာရာဂိုဇာက ဂရန်နာဒါနဲ့အတူ တောက်ပနေပြီး သူက ဂရန်နာဒါ အတွက် လာလီဂါပြိုင်ပွဲမှာ ၁၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ် အပါအဝင် ဥရောပ နာမည်ကြီးကလပ်တွေက ဇာရာဂိုဇာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဘိုင်ယန်မြူးနစ်ကတော့ ပြိုင်ဘက်အသင်းတွေ အားလုံးထက် လက်ဦးမှု ရယူကာ ဇာရာဂိုဇာကို ခေါ်ယူနိုင်ဖို့ ခပ်မြန်မြန်ပဲ ကစားသမားနဲ့ရော ၊ ဂရန်နာဒါနဲ့ပါ ဆွေးနွေးမှုတွေ လုပ်ထားပါတယ်။

Photo Credit: Mundo Deportivo

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ဇာရာဂိုဇာကို ခေါ်ယူဖို့ ယမန်နေ့ ညပိုင်းမှာပဲ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ပြီး လက်ရှိမှာ ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက ဇာရာဂိုဇာရဲ့ ပြောင်းရွှေ့ကြေး အတွက် ဆက်လက် ညှိနှိုင်းနေကြောင်း သိရပါတယ်။

ဘိုင်ယန်မြူးနစ်က ဇာရာဂိုဇာရဲ့ အပြောင်းအရွှေ့ကို လာမယ့် ဆောင်းဈေးကွက်မှာပဲ အပြီးသတ်ဖို့ ဆုံးဖြတ်ထားပေမယ့် ဇာရာဂိုဇာကို အသင်းဆီ ချက်ချင်း ခေါ်ဦးမှာ မဟုတ်ပဲ ရာသီကုန် အထိ ဂရန်နာဒါထံ အငှား ပြန်ချထားဦးမယ်လို့လည်း ရိုမာနိုက ဆိုပါတယ်။

Exit mobile version