ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က သူတို့အသင်းရဲ့ ခံစစ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် ဂါလာတာစာရေးရဲ့ ညာနောက်ခံလူ ဆာချာ ဘိုယီကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဘိုင်ယန်မြူးနစ်က ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ ကစားသမား အင်အား အတောင့်တင်းဆုံးအသင်း ဖြစ်ပေမယ့် သူတို့ရဲ့ ခံစစ်ကြောင်းမှာ အားနည်းချက်တွေ ရှိနေတာကြောင့် ဘိုင်ယန်မြူးနစ် နည်းပြချုပ် တူဟယ်လ်က ယခု ဆောင်းဈေးကွက် အတွင်းမှာ ဗဟိုခံစစ်မှူးသစ် ၁ဦးနဲ့ ညာနောက်ခံလူ ၁ဦးတို့ကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Goal

ဘိုင်ယန်မြူးနစ်က ဗဟိုခံစစ်နေရာ အတွက် စပါးရဲ့ ဗဟိုနောက်ခံလူ အဲရစ် ဒိုင်ယာကို ခေါ်ယူနိုင်ခဲ့ပေမယ့် အခုချိန်အထိ နောက်ခံလူသစ် တဦးကို မခေါ်နိုင်သေးပဲ ဘိုင်ယန်မြူးနစ်ဟာ ပီအက်စ်ဂျီ ညာနောက်ခံလူ မူခီလီ ၊ နယူးကာဆယ် ညာနောက်ခံလူ ထရစ်ပီယာ စတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဘိုင်ယန်မြူးနစ်က ယခု ဆောင်းဈေးကွက် အတွင်းမှာ ငွေကြေးများစွာ မသုံးချင်တာကြောင့် မူခီလီ ၊ ထရစ်ပီယာ စတဲ့ ပြောင်းရွှေ့ကြေး သက်သာနိုင်တဲ့ ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ပီအက်စ်ဂျီနဲ့ နယူးကာဆယ်တို့က သူတို့ရဲ့ ကစားသမားတွေ အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် တောင်းဆိုခဲ့တာကြောင့် အဆင်မပြေခဲ့တာပါ။

Photo Credit: Standard

နောက်ဆုံးမှာတော့ ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းကျော် သုံးစွဲရမယ့် အတူတူ ပြောင်းရွှေ့ကြေး ယူရို ၂၅သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ့် ပြင်သစ် ညာနောက်ခံလူ ဘိုယီကိုသာ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ကြပြီး ဘိုယီဟာ ယခုနှစ် ဘောလုံးရာသီမှာ ဂါလာတာစာရေး အတွက် ပြိုင်ပွဲစုံမှာ ၃၁ပွဲ အထိ ပါဝင် ကစားပေးထားသူ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ယမန်နေ့ညမှာပဲ ဘိုယီကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ပြီး ဘိုယီဟာ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းခွင့် ပေးဖို့ ဂါလာတာစာရေးထံ တောင်းဆိုထားသလို ဘိုင်ယန်မြူးနစ်ကလည်း ဘိုယီရဲ့ အပြောင်းအရွှေ့ အတွက် ဂါလာတာစာရေးနဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်နေတာကြောင့် မကြာခင်မှာ ဘိုင်ယန်မြူးနစ်ဟာ ဘိုယီကို ခေါ်ယူဖို့ လိုအပ်တဲ့ သဘောတူညီမှုကို ရရှိနိုင်ကြောင်း သိရပါတယ်။