MySport Myanmar

မူလာက ယူနိုက်တက်အသင်းဆီ သွားနိုင်တယ်လို့ ဘိုင်ယန် အကြီးအကဲ သုံးသပ်

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဘုတ်အဖွဲ့ဝင် အကြီးအကဲတစ်ဦးဖြစ်တဲ့ အူလီ ဟိုးနက်စ်က ဒီနွေမှာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာသွားတော့မယ့် အသင်းက ဝါရင့်ကစားသမားကြီး သောမတ်စ် မူလာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ရောက်သွားနိုင်တယ်လို့ သုံးသပ် ပြောကြားလိုက်ပါတယ်။

ဒီလအစောပိုင်းမှာ မူလာက ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်းကို မတိုးမြှင်တော့ဘူးလို့ ကြေညာခဲ့ပြီး သူ့ရဲ့ စာချုပ်ဟာ ဒီနွေရာသီမှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘိုင်ယန်မြူးနစ် ဂန္တဝင်ကစားသမားကြီးရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းများစွာ ထွက်ပေါ်ခဲ့ပြီး ကစားသမားဘဝကနေ အနားယူဖို့လည်း ဖြစ်နိုင်ချေရှိပါတယ်။

Photo Credit : Bavarian Football Works

မူလာအတွက် အနားယူခြင်းဟာ အဖြစ်နိုင်ဆုံး ရွေးချယ်မှုတစ်ခုဖြစ်ပြီး သူဟာ ချက်ချင်း ဦးဆောင်မှု အခန်းကဏ္ဍကို ယူနိုင်တယ်လို့လည်း အကြံပြုထားပါတယ်။ သို့သော်လည်း ဟိုးနက်စ်က ဂျာမန်လက်ရွေးစင်ဟာ အခုချိန်မှာ ဘိုင်ယန်မြူးနစ်မှာ အဲဒီလို အခန်းကဏ္ဍကို ရယူဦးမှာ မဟုတ်ပေမယ့် တခြားအသင်းတွေမှာ အတွေ့အကြုံရပြီးမှ ပြန်လာနိုင်တယ်လို့ အတည်ပြုခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ကို အထူးတလည် ပြောကြားခဲ့ပါတယ်။

သတင်းထောက် ဂျူလီယန် ဝေါ့ဖ်ကို ပြောကြားရာမှာ ဟိုးနက်စ်က “မူလာက NBA ကို (၃)လလေ့လာမယ်။ NFL ကို (၃)လလေ့လာမယ်၊ ပြီးရင် အင်္ဂလန်ကို သွားမယ် – ဥပမာ မန်ချက်စတာ ယူနိုက်တက်ကိုပေါ့။ သူက အတွေ့အကြုံ အတော်အတန်နဲ့ ပြန်လာပြီး အနာဂတ်မှာ ဘိုင်ယန်မြူးနစ်မှာ ဘယ်လို အခန်းကဏ္ဍက ပါဝင်နိုင်မလဲဆိုတာ ကျွန်တော်တို့နဲ့ ဆွေးနွေးလိမ့်မယ်။” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : Bayen Munich

အသက်(၃၅)နှစ်အရွယ် ဂျာမနီ ဝါရင့် ကွင်းလယ်တိုက်စစ်နဲ့ နောက်ချန်တိုက်စစ်ကစားသမားကြီး မူလာဟာ ၂၀၀၀ခုနှစ်ကတည်းက ဘိုင်ယန်အသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး ဘိုင်ယန် စီနီယာအသင်းအတွက် ၂၀၀၈ခုနှစ်ကနေ ၂၀၂၅ခုနှစ်အထိ ပြိုင်ပွဲစုံပွဲပေါင်း (၇၄၄)ပွဲ ကစားခဲ့သလို (၂၄၈)ဂိုး သွင်းယူခဲ့ကာ ဆုဖလားပေါင်း (၃၂)လုံးအထိ ပိုင်ဆိုင်ခဲ့ပါတယ်။

လက်ရှိမှာ သတင်းအမျိုးမျိုး ထွက်ပေါ်နေပေမယ့် မူလာဟာ သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အခုထိ ဆုံးဖြတ်ချက် မချရသေးဘဲ ဒီနွေရာသီမှာ တခြားအသင်းကို ပြောင်းရွှေ့ဖို့လည်း အလားအလာရှိပြီး မေဂျာလိဂ်ဘောလုံးနဲ့ ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ဖို့လည်း ဆွေးနွေးမှုတွေ ရှိနေပါတယ်။

Exit mobile version