ပရီးမီးယားလိဂ် နာမည်ကြီး အသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ ဂျာမန် အင်အားကြီး အသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ဟာ ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား အိုဒွိုင်းကို ခေါ်ယူဖို့ နောက်ဆုံး အဆင့် ဆွေးနွေးမှုတွေကို ပြုလုပ်နေကြောင်း နာမည်ကြီး သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အိုဒွိုင်းဟာ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တစ်ဦး ဖြစ်ပြီး မကြာသေးမီကမှ ချယ်လ်ဆီးအသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆို ထားပေမယ့် ဘိုင်ယန်မြူးနစ် အသင်း ဟာ သူ့ကို ခေါ်ယူဖို့ လက်မလျှော့သေးပါဘူး။

Photo Credit: Goal

အိုဒွိုင်းဟာ ချယ်လ်ဆီးအသင်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမားတွေထဲမှာ ပါရမီ အမြင့်ဆုံး ကစားသမား အဖြစ် ဘောလုံး သုတေသီတွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသူ ဖြစ်ပြီး ဘိုင်ယန်မြူးနစ် အသင်းရဲ့ နည်းပြဖြစ်သူ ဖလစ်ဟာ အိုဒွိုင်းရဲ့ ခြေစွမ်းကို အတော်လေး နှစ်ခြိုက်နေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ ထားကြပါတယ်။ ဂျာမန် အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ BILD သတင်းဌာနရဲ့ ဖော်ပြချက် အရ ဘိုင်ယန်မြူးနစ် အသင်းဟာ အိုဒွိုင်းကို တစ်ရာသီ အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့အတွက် ချယ်လ်ဆီးအသင်း ထံ ကမ်းလှမ်းထားပြီး ချယ်လ်ဆီးအသင်းဟာလည်း ဘိုင်ယန်မြူးနစ် အသင်းနဲ့ အိုဒွိုင်းရဲ့ အပြောင်းအရွှေ့ အတွက် လက်ခံ ဆွေးနွေးနေကြောင်း သိရပါတယ်။

Photo Credit: Goal

ယနေ့မနက် အစောပိုင်းမှာတော့ နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်သူ Fabrizio Romano က အိုဒွိုင်းရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ရှိကြောင်း အတည်ပြု သွားသလို ဆွေးနွေးမှုတွေဟာလည်း နောက်ဆုံး အဆင့်ဆီ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဆိုပါတယ်။ ဒါပေမယ့် အိုဒွိုင်းဟာ ယခင်ကလောက် ဘိုင်ယန်မြူးနစ် အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်မှု မရှိသလို ယခု အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ချယ်လ်ဆီးအသင်းရဲ့ ဆုံးဖြတ်မှုကိုသာ လိုက်နာမှာ ဖြစ်ကြောင်း Romano က ဆိုပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ဘိုင်ယန်မြူးနစ် အသင်းဟာ အိုဒွိုင်းကို တစ်ရာသီအငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ကမ်းလှမ်း ထားပြီး လက်ရှိမှာတော့ အပြီးသတ် ခေါ်ယူတဲ့ အချိန်မှာ ပေးချေရမယ့် ပြောင်းရွှေ့ကြေးနဲ့ ပတ်သတ်ပြီး ဆွေးနွေး နေကြတာ ဖြစ်ကြောင်း သိရပါတယ်။