ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် (၂)လနီးပါးလောက် ရပ်နားထားခဲ့ရတဲ့ ဘောလုံးပြိုင်ပွဲတွေထဲကမှ ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲကို မနေ့က စတင်နိုင်ခဲ့ရပြီး ပွဲစဉ်တွေကို အခက်အခဲမရှိ ကျင်းပနိုင်ခဲ့ပါတယ်။ ဒီနေ့ညမှာလည်း ဘွန်ဒက်လီဂါ ပွဲစဉ်(၂၆)ကို ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီည(၁၀)နာရီခွဲမှာတော့ ဘွန်ဒက်လီဂါ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးအသင်း ဘိုင်ယန်မြူးနစ်က အဝေးကွင်းမှာ အူယွန်းဘာလင်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရာ ဘိုင်ယန်က (၂)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

ဘိုင်ယန်အသင်းဟာ ၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့တာဖြစ်ပြီးတော့ လီဝန်ဒေါစကီး ဂါနာဘရီ ဂေါ်ရက်ဇ်ကာ မူလာ သီယာဂို ကင်မစ်ချ် ဒေးဗီစ် အာလာဘာ ဘိုတန် ပါဗတ် နူအာတို့လို အသင်းရဲ့ အဓိက ကစားသမားတွေကိုပဲ ပွဲထွက်ကစားသမားတွေအဖြစ် အသုံးပြုလာခဲ့ပါတယ်။ ပထမပိုင်းအစလောက်မှာ အိမ်ရှင်အူယွန်းဘာလင်က ဘိုင်ယန်ကို အခက်တွေ့အောင် ကစားနိုင်ခဲ့ပြီး ဘိုင်ယန်မှာလည်း ကစားပုံကို ဖြည်းဖြည်းချင်း တည်ဆောက်ယူခဲ့ရပါတယ်။ ပွဲချိန်(၁၉)မိနစ်မှာတော့ မူလာက ဘိုင်ယန်အတွက် သွင်းဂိုးရယူနိုင်ခဲ့ပေမယ့် VAR နဲ့ ပြန်လည်စစ်ဆေးရာမှာ လူကျွံနေတာကြောင့် သွင်းဂိုးကို ပယ်ဖျက်သွားခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီး (၅)မိနစ်လောက် အလိုမှာတော့ အူယွန်းနောက်ခံလူ ဆူဘိုတစ်ရဲ့ ကစားပုံကြမ်းတမ်းမှုကြောင့် ဘိုင်ယန်တို့ ပင်နယ်တီကန်ခွင့်ရခဲ့ပြီး လီဝန်ဒေါစကီးကပဲ အမှားအယွင်းမရှိ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ပထမပိုင်း ပွဲကစားချိန်တွေအတွင်းမှာ အိမ်ရှင်အသင်းရဲ့ တန်ပြန်ကစားဟန်ကြောင့် ကစားပုံအနည်းငယ် ကျပ်ခဲ့ရတဲ့ ဘိုင်ယန်ဟာ ဒုတိယပိုင်းမှာတော့ အူယွန်းဘက်ကို ပိုမိုအသာစီးရယူကစားနိုင်ခဲ့ပြီး အိမ်ရှင်လည်း တိုက်စစ်လိုက်ပါ ကစားဖို့ထက် ဘိုင်ယန်ရဲ့ တိုက်စစ်ကိုသာ လိုက်လံဟန့်တားနေခဲ့ရပါတယ်။ ပွဲကစားချိန်(၈၀)လောက်အရောက်မှာတော့ ကင်မစ်ချ် ကန်တင်ပေးလိုက်တဲ့ ထောင့်ကန်ဘောကို နောက်ခံအစွန်လူ ပါဗာက ခေါင်းတိုက်သွင်းယူပြီး ဘိုင်ယန်ရဲ့ အနိုင်ရလဒ်ကို ပြတ်သားသွားစေခဲ့ပါတယ်။