ပြီးခဲ့တဲ့တစ်ပတ်ကတည်းက အောင်အောင်မြင်မြင်နဲ့ ပြန်လည်စတင်နိုင်ခဲ့တဲ့ ဂျာမန်ဘွန်ဒက်လီဂါပွဲစဉ်ဟာ ဒီတစ်ပတ်မှာလည်း ပွဲစဉ်(၂၇)ကို ဆက်လက်ယှဉ်ပြိုင်စေခဲ့ပြီး အစောပိုင်းပွဲစဉ်တွေမှာ ဒေါ့မွန် လေဗာကူဆင်တို့က နိုင်ပွဲတွေ အသီးသီးရယူနိုင်ခဲ့ကြကာ ဒီနေ့ည (၁၁)နာရီအချိန်မှာတော့ ဘိုင်ယန်မြူးနစ်က အိမ်ကွင်းမှာ ဖရန့်ဖတ်ကို ဧည့်ခံကစားခဲ့ပြီး (၅)ဂိုး (၂)ဂိုးနဲ့ အနိုင်ယူကာ ပထမနေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့တဲ့ အိမ်ရှင်ဘိုင်ယန်ဟာ အူယွန်းကို အနိုင်ရခဲ့တဲ့ပွဲက လူစာရင်းကို အပြောင်းအလဲတချို့ အနည်းငယ်ပြုလုပ်ခဲ့ပြီး ကိုမန်း ပါရီဆစ်တို့ကို လီဝန်ဒေစကီး မူလာ ကင်မစ်ချ် ဂေါ်ရက်ဇ်ကာ ပါဗာ အလာဘာ ဘိုတန် ဒေးဗီစ် နူအာတို့နဲ့ တွဲဖက်အသုုံးပြုလာခဲ့ပါတယ်။ အိမ်ကွင်းအလိုင်းရင့်အရီနာမှာ ဧည်ခံကစားခဲ့ရတဲ့ ဘိုင်ယန်ဟာ အခုပွဲမှာတော့ အူယွန်းကိုအနိုင်ရတဲ့ပွဲကထက် တိုက်စစ်ပိုင်းက ပိုမိုထက်မြက်လို့နေပြီး ပထမပိုင်းမှာပဲ ဖရန့်ဖတ်ကို (၂)ဂိုးပြတ်နဲ့ ပြတ်ပြတ်သားသား ဦးဆောင်ထားခဲ့ပါတယ်။ ပထမဂိုးကို ကွင်းလယ်လူဂေါ်ရက်ဇ်ကာက သွင်းယူခဲ့တာဖြစ်ပြီး ဒုတိယဂိုးကိုတော့ (၄၁)မိနစ်မှာ မူလာက သွင်းယူခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းပြန်လည်စတင်ပြီး (၁)မိနစ် မပြည့်သေးချိန်မှာပဲ ဘိုင်ယန်တို့ တိုက်စစ်မှူးလီဝန်ဒေါစကီးရဲ့ ခေါင်းတိုက်သွင်းဂိုးနဲဲ့ တတိယမြောက်သွင်းဂိုးကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း ဧည့်သည်ဖရန့်ဖတ်အသင်းက ကွင်းလယ်ကစားသမား ဟင်ထရစ်ဂါရဲ့ (၃)မိနစ်အတွင်း သွင်းယူခဲ့တဲဲ့ ချေပဂိုး(၂)ဂိုးကြောင့် ပွဲရလဒ်က ရုတ်တရက် ပြန်လည်ကျဉ်းမြောင်းသွားခဲ့ရပါတယ်။ ဒါပေမယ့်လည်း အယ်ဖွန်ဆိုဒေးဗီစ်က (၆၁)မိနစ်မှာ စတုတ္ထမြောက် အနိုင်ဂိုးသွင်းယူခဲ့သလို ဟင်ထရစ်ဂါကိုယ်တိုင် ကိုယ့်ဂိုးကိုသွင်းယူမိရင်း ဘိုင်ယန်တို့ ပြန်လည်ပြတ်သားစွာနဲ့ ဦးဆောင်ခဲ့ရပါတယ်။