MySport Myanmar

လီဝန်ဒေါစကီးကို ဆုံးရှုံးထားရတဲ့ ဘိုင်ယန် ရန်းစ် တိုက်စစ်မှူးလေးကို ခေါ်ယူသွားဖွယ်ရှိနေ

အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ တိုက်စစ်မှူးကြီး ရောဘတ်လီဝန်ဒေါစကီးကို ဘာစီလိုနာအသင်းဆီ ရောင်းချထားခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းတိုက်စစ်ပိုင်းကို ပြန်လည် အားဖြည့်တင်းဖို့အတွက် ပြင်သစ်လီဂူးကလပ် ရန်းစ်အသင်းရဲ့ လူငယ်တိုက်စစ်မှူးလေး မက်သီးစ်တဲလ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀)ဝန်းကျင်နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်လျက် ရှိနေပါတယ်။

Photo Credit : Get French Football News

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်ဂိုးသွင်းစက်ကြီး လီဝန်ဒေါစကီးဟာ အသင်းနဲ့ (၈)နှစ်တာ ဖြတ်သန်းခဲ့ပြီးနောက်မှာ သူအရမ်း ပြောင်းရွှေ့လိုနေတဲ့ ဘာစီလိုနာအသင်းဆီကို (၃)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဘိုင်ယန်ဘက်ကတော့ လီဝန်ဒေါစကီးကို လက်မလွတ်ရခင်မှာပဲ လီဗာပူးလ်ရဲ့ ဆီနီဂေါ တိုက်စစ်ကစားသမား ဆာဒီယိုမာနေးကို ခေါ်ယူထားခဲ့သလို အသင်းကနေ ထွက်ခွာတော့မယ့်လို့ သတင်းမွှေးနေသူ ဂနာဘရီကိုလည်း သက်တမ်းတိုးထားနိုင်ခဲ့ပေမယ့် အသင်းတိုက်စစ်ပိုင်း အားကောင်းနေစေဖို့အတွက် ရန်းစ်ကစားသမားလေး မက်သီးစ်တဲလ်ကို ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Youtube

အသက်(၁၇)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် တိုက်စစ်ကစားသမားလေး မတ်သီးစ်တဲလ်ဟာ ရန်းလူငယ်အသင်းမှာ ပါဝင်နေရင်းကနေ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာပဲ ရန်းစ်စီနီယာအသင်းအတွက် ကစားခွင့်တွေ စတင်ရရှိလာခဲ့ပါတယ်။ အထောင်တိုက်စစ်နေရာမှာ ကစားတတ်သူ တဲလ်ဟာ ဘယ်တောင်ပံ ညာတောင်ပံတွေမှာပါ လိုက်ပါကစားတတ်ပြီး အရပ်(၆)ပေထိ မြင့်မားတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ရန်းစ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၀)ပွဲထိ ကစားပေးထားနိုင်ခဲ့ပြီး သွင်းဂိုး မရရှိနိုင်သေးပေမယ့်လည်း တဲလ်က ရန်းစ်စီနီယာအသင်းအတွက် မိနစ်အနည်းငယ်လေးတွေသာ ကစားထားရသေးတာ ဖြစ်သလို သူရဲ့ ခြေစွမ်းခြေစတွေကိုလည်း ရန်းစ်လူငယ်အသင်းမှာ ပြသထားနိုင်တာဖြစ်လို့ သူ့ကို ဘိုင်ယန်မြူးနစ်အပါအဝင် ကလပ်အသင်းများစွာက ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဘိုင်ယန်အသင်းက မက်သီးစ်တဲလ်ကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး+အပိုဆုကြေး ယူရိုသန်း(၃၀)နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်လျက် ရှိနေပြီး ဒီကမ်းလှမ်းမှုကိုလည်း ရန်းစ်အသင်းဘက်ကနေ လက်ခံသွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။ ပြင်သစ် ယူ-၁၈ ကစားသမားလေး မက်သီးစ်တဲလ်ဟာ ရန်းစ်အသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်တာကြောင့် ရန်းစ်ဘက်က သူတို့ကစားသမားအတွက် ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးမျိုး ရရှိမှသာ အသင်းကနေ ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။

Exit mobile version