MySport Myanmar

ဒက်ကလန်ရိုက်စ်ကို ပေါင် (၉၅)သန်းနဲ့ ကမ်းလှမ်းသွားဖို့ ရှိနေတဲ့ ဘိုင်ယန်

ဘိုင်ယန်မြူးနစ်အသင်းဟာ ဝက်စ်ဟမ်းအသင်းရဲ့ အင်္ဂလန် ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်ကို အခု နွေဈေးကွက်အတွင်းမှာ အရ ခေါ်ယူသွားနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် (၉၅)သန်းနဲ့ ကမ်းလှမ်းသွားဖို့ အဆင့်သင့် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : One Football

အင်္ဂလန် ကြယ်ပွင့် ကွင်းလယ်လူ ရိုက်စ်ဟာ ဒီရာသီမှာပဲ ဝက်စ်ဟမ်းကနေ ထွက်ခွာသွားဖို့ ရှိနေပြီး သူ့ကို အာဆင်နယ် မန်ယူနိုက်တက် ချယ်လ်ဆီးတို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေအပြင် ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်ကပါ အလိုရှိလာခဲ့ပါတယ်။ အသက် (၂၄)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ရိုက်စ်က လက်ရှိမှာ ဥရောပရဲ့ အကောင်းဆုံးသော ကွင်းလယ်လူတွေထဲမှာ တစ်ဦး အပါအဝင်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ဒီထက်မက အောင်မြင်မှုတွေ ရရှိဖို့အတွက်ကတော့ ဝက်စ်ဟမ်းထက် ပိုမို မြင့်မားတဲ့ အသင်းကြီး တစ်သင်းမှာ ပါဝင် ကစားရဖို့ လိုအပ်နေသလို ဆုဖလားတွေပါ ရယူဖို့လည်း လိုအပ်နေပါတယ်။

Photo Credit : Football Insider

ပရိသတ် တော်တော်များများကတော့ ရိုက်စ်ဟာ အာဆင်နယ် ဒါမှမဟုတ် အသင်းဟောင်း ချယ်လ်ဆီးတို့ဆီ ပြောင်းရွှေ့လိမ့်မယ်လို့ ယူဆခဲ့ကြပေမယ့် ဘိုင်ယန်လို ဘွန်ဒက်စ်လီဂါ အသင်းကြီးကပါ ရိုက်စ်ကို ခေါ်ယူဖို့ အပြိုင် ကြိုးပမ်းလာချိန်မှာ ရိုက်စ်ဟာလည်း ဘိုင်ယန်နဲ့ပဲ သတင်းတွေ ပိုထွက်လာခဲ့ပါတယ်။ The Mirror ရဲ့ သတင်းဖော်ပြချက်မှာတော့ ဘိုင်ယန်ဟာ အင်္ဂလန်ကြယ်ပွင့်ကို အရ ခေါ်ယူနိုင်ဖို့အတွက် အသုံးစရိတ်ကို ပေါင် (၉၅)သန်းအထိ သုံးစွဲသွားဖို့ ရှိနေတယ်လို့ ဖော်ပြလာခဲ့ပြီး တကယ်လို့သာ ဒီကမ်းလှမ်းမှုနဲ့သာ အမှန်တကယ် ကမ်းလှမ်းလာမယ်ဆိုရင် ဝက်စ်ဟမ်းဘက်က ရောင်းချနိုင်သလို အာဆင်နယ် ချယ်လ်ဆီးတို့ကလည်း ဘိုင်ယန်နဲ့အပြိုင် ကမ်းလှမ်းဖို့ဆိုတာကလည်း ခက်ခဲနိုင်ပါတယ်။

Photo Credit : Sky Sports

ဒါ့အပြင် ဘိုင်ယန် နည်းပြ သောမတ်စ် တူဟယ်လ်ကိုယ်တိုင် ရိုက်စ်ကို ဆက်သွယ်ထားပြီး သူတို့အသင်းဆီ ပြောင်းရွှေ့လာဖို့နဲ့ အသင်းရဲ့ ရှေ့ဆက်မယ့် အနာဂတ် ပရောဂျက်တွေကိုလည်း ဖော်ပြထားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘိုင်ယန်က ကွင်းလယ်ထက် အထောင်တိုက်စစ် နေရာကို ဖြည့်တင်းဖို့ ပိုမို လိုအပ်နေတာဖြစ်လို့ တကယ်လို့ ကင်မစ်ချ်သာ အသင်းမှာပဲ ဆက်ရှိနေမယ်ဆိုရင် ရိုက်စ်အတွက် ဒီလောက် များပြားတဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ပါ့မလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။

Exit mobile version