ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က အစ္စရေးလ် နာမည်ကြီးကလပ် မက်ကာဘီ တဲလ် အဗစ်ရဲ့ နံပါတ်၁ ဂိုးသမား ပီရက်ဇ်ကို ခေါ်ယူဖို့ ကစားသမားနဲ့ရော ၊ အသင်းနဲ့ပါ တရားဝင် သဘောတူညီမှု ရရှိခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်က အသင်းရဲ့ နံပါတ်၁ ဂိုးသမား နူအာရဲ့ ကြံ့ခိုင်မှု အနေအထားကို စိတ်မချသလို ဆွန်မာ ထွက်သွားပြီးနောက် လစ်လပ်သွားတဲ့ ဒုတိယ ဦးစားပေး ဂိုးသမားနေရာ အတွက် အရည်အသွေးမြင့် ဂိုးသမား တဦးကို ခေါ်ယူဖို့ ယခု နွေဈေးကွက် တလျှောက်လုံး ကြိုးစားခဲ့တဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Reddit

တဖက်မှာတော့ ၂၃နှစ် အရွယ် အစ္စရေးလ် လက်ရွေးစင် ဂိုးသမား ပီရက်ဇ်က အစ္စရေးလ်-ဂျာမန်လူမျိုး ဖြစ်ပြီး သူက အစ္စရေးလ်လိဂ်ရဲ့ ထိပ်သီးကလပ် မက်ကာဘီ တဲလ် အဗစ်ရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် ကာလရှည် လက်စွမ်းကောင်းတွေ ပြသထားနိုင်သူပါ။

ပီရက်ဇ်က မက်ကာဘီ တဲလ် အဗစ်အတွက် ပြိုင်ပွဲစုံမှာ ၁၀၁ပွဲ အထိ ပါဝင် ကစားပေးထားရာ ပေးဂိုး ၈၂ဂိုးသာ ခွင့်ပြုပေးထားရသလို ဂိုးမပေးရတဲ့ပွဲ ၄၄ပွဲ အထိ ရှိခဲ့ပြီး သူ့ရဲ့ လက်စွမ်းကောင်းတွေကြောင့်ပဲ ဘိုင်ယန်မြူးနစ် အပါအဝင် ဥရောပအသင်း တချို့က သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ကြပါတယ်။

Photo Credit: Standard

ပီရက်ဇ်က ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှု အပြင် တခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ရရှိခဲ့ပေမယ့် ဂျာမန်သွေး ပါတာကြောင့် ဘိုင်ယန်မြူးနစ်ဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်ကလည်း ယနေ့မနက်ပိုင်းမှာပဲ ပီရက်ဇ် အတွက် မက်ကာဘီ တဲလ် အဗစ်နဲ့ တရားဝင် သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ပီရက်ဇ်ကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၅သန်း + အပိုဆုကြေးတွေနဲ့ ခေါ်ယူဖို့ မက်ကာဘီ တဲလ် အဗစ်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီး ပီရက်ဇ်ဟာ ကြာသပတေးနေ့မှာ သူ့ရဲ့ မက်ကာဘီ တဲလ် အဗစ် ကစားသမားဘဝ နောက်ဆုံးပွဲကို ဝင်ရောက် ကစားဖို့ စီစဉ်ထားကာ အဆိုပါပွဲကို ကစားပြီးတာနဲ့ မြူးနစ်မြို့ဆီ လာပြီး ဘိုင်ယန်မြူးနစ်နဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။