ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ပြင်းထန်ဒဏ်ရာ ရထားတဲ့ အသင်းခေါင်းဆောင် ဂိုးသမား နူအာရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် မိုချန် ဂလာဘက်ရဲ့ ဂိုးသမား ဆိုမာကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိသွားခဲ့ကြောင်း နာမည်ကြီး ဂျာမန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ဂျာမဏီတို့ရဲ့ အသင်းခေါင်းဆောင် နံပါတ်တစ် ဂိုးသမား နူအာက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ အားလပ်ရက်ခရီး ထွက်ရာကနေ ညာခြေထောက် ကျိုးသွားခဲ့တာ ဖြစ်ပြီး အဆိုပါဒဏ်ရာကြောင့်ပဲ နူအာဟာ ယခုနှစ် ဘောလုံးရာသီ အကုန် အထိ အနားယူရဖို့ ရှိနေပါတယ်။

Photo Credit: The Sun

ဘိုင်ယန်မြူးနစ်က ဒဏ်ရာရသွားတဲ့ နူအာအတွက် ရေရှည် အစားထိုးမှု အဖြစ် မိုချန် ဂလာဘက်နဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်တော့သလို ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆွစ်ဇာလန်နဲ့အတူ လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ဂိုးသမား ဆိုမာကို ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး ဆိုမာကလည်း ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ပလက်တန်ဘက်ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ဆိုမာကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်ဟာ ဆိုမာကို ရာသီကုန်ချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ပေမယ့် နူအာရဲ့ ဒဏ်ရာကြောင့် ဆိုမာကို ယခု ဆောင်းဈေးကွက် အတွင်းမှာပဲ အမိအရ ခေါ်ယူဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sportsကလည်း ဘိုင်ယန်မြူးနစ်ဟာ ဆိုမာကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရခဲ့ကြောင်းကို ထပ်ဆင့် အတည်ပြုပေးခဲ့ပြီး မိုချန် ဂလာဘက်က ဆိုမာအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀သန်း ဝန်းကျင် တောင်းဆိုဖွယ် ရှိကြောင်းလည်း ဖော်ပြထားပါတယ်။