ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးကို စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းနဲ့ ရောင်းချပြီးတဲ့နောက် ရလာတဲ့ ငွေကြေးတွေနဲ့ ဂျူဗင်တပ် ခံစစ်မှူး ဒီလစ်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ရာ ဒီလစ်အတွက် ဂျူဗင်တပ်နဲ့ တရားဝင် သဘောတူညီမှု ရရှိသွားခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေ အားလုံးက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ဘိုင်ယန်မြူးနစ်က သူတို့အသင်းရဲ့ ခံစစ်ကြောင်း အတွက် ကြီးမားတဲ့ အင်အားဖြည့်တင်းမှု တရပ်အနေနဲ့ အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ နယ်သာလန် လက်ရွေးစင် ထိပ်တန်း ခံစစ်မှူး ဒီလစ်ကို ခေါ်ယူဖို့ ဒီလအစထဲက ကြိုးပမ်းနေခဲ့တာ ဖြစ်ပြီး ယခုအချိန်မှသာ ဒီလစ်အတွက် ဂျူဗင်တပ်နဲ့ တရားဝင် သဘောတူညီမှု ရရှိခဲ့တာပါ။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ဒီလစ်ကို စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းကျော်နဲ့ ခေါ်ယူဖို့ ဂျူဗင်တပ်နဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်က ဒီလစ်ကို ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိမယ့် ကာလရှည် စာချုပ်တရပ် ချုပ်ဆိုမယ်လို့လည်း သိရပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ခရစ်ရှန် ဖော့ခ်ကလည်း ဘိုင်ယန်မြူးနစ်ဟာ ဒီလစ်ကို ခေါ်ယူဖို့ ဂျူဗင်တပ်နဲ့ရော ကစားသမားနဲ့ပါ သဘောတူညီမှု ရရှိခဲ့ကြောင်း ထပ်ဆင့် အတည်ပြုပေးထားပြီး ဘိုင်ယန်မြူးနစ်က ဒီလစ်အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းကျော် + အပိုဆုကြေး ယူရို ၁၀သန်းကျော် ပေးချေရဖို့ ရှိနေကြောင်းလည်း ဖော့ခ်က ဆိုပါတယ်။

Photo Credit: Goal

နောက်ထပ် နာမည်ကြီး သတင်းထောက် ဖြစ်သူ ပလက်တန်ဘက်ခ်ကလည်း ဒီလစ်ဟာ မနက်ဖြန်မှာပဲ တူရင်မြို့ကနေ မြူးနစ်မြို့ဆီ လာရောက်ကာ ဘိုင်ယန်မြူးနစ်နဲ့ တရားဝင် ဆေးစစ်မှုတွေ ပြုလုပ်ဖို့ စီစဉ်ထားပြီး ဘိုင်ယန်မြူးနစ်က ဒီလစ်ရဲ့ အပြောင်းအရွှေ့ကို ရက်အနည်းငယ် အတွင်း ကြေညာလိမ့်မယ်လို့ ဖော်ပြထားပါတယ်။