ဂျာမန် အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်း ကတော့ သူတို့အသင်းရဲ့ ပြည်တွင်း ပြိုင်ဘက်အသင်း ဖြစ်တဲ့ လိုက်ပ်ဇက်အသင်းရဲ့ နည်းပြဖြစ်သူ နစ်ဂယ်စမန်းကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း ဂျာမန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။ လက်ရှိ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြဖြစ်သူ ဖလစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘိုင်ယန်မြူးနစ်အသင်းကို ဆုဖလား ၃လုံး အထိ ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပေမယ့် အသင်းရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ ဆာလီမီဒစ်ဇီနဲ့ သဘောထား ကွဲလွဲမှုတွေ ရှိနေတာကြောင့် ရာသီကုန်မှာ အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ အသင်းကို တောင်းဆိုထားပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်အသင်းဟာ ရာသီကုန်မှာ ဖလစ်ရဲ့ နေရာကို အစားဝင်ပြီး အသင်းကို ကိုင်တွယ်ပေးနိုင်မယ့် နည်းပြတဦးကို ရှာဖွေနေပြီး လိုက်ပ်ဇက်အသင်းနဲ့အတူ ထိုက်သင့်တဲ့ အောင်မြင်မှုတွေ ရရှိနေတဲ့ လူငယ်နည်းပြ နစ်ဂယ်စမန်းဟာ သူတို့အသင်းနဲ့ ကိုက်ညီတဲ့သူ အဖြစ် ယူဆကာ နစ်ဂယ်စမန်းကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ဂျာမန်အခြေစိုက် နာမည်ကြီး သတင်းဌာနတခု ဖြစ်တဲ့ Sky Germany သတင်းဌာနကတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ နစ်ဂယ်စမန်းကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကာ လိုက်ပ်ဇက်အသင်းနဲ့ သဘောတူညီမှု ရရှိဖို့သာ လိုအပ်တော့ကြောင်း ဖော်ပြထားပါတယ်။

Photo Credit: Goal

လိုက်ပ်ဇက်အသင်းကတော့ သူတို့အသင်းရဲ့ နည်းပြဖြစ်သူ နစ်ဂယ်စမန်းကို လွယ်လွယ်ကူကူနဲ့ လက်လွှတ်မှာ မဟုတ်ပဲ နစ်ဂယ်စမန်းကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ သူတို့အသင်းကို လျော်ကြေးအဖြစ် ပေါင် ၂၅သန်း အထိ ပေးချေရမှာ ဖြစ်ကြောင်း အသိပေးထားတယ်လို့ နီးစပ်သူတွေက ဆိုထားကြပါတယ်။ လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်အသင်း အပြင် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးအသင်းကပါ နစ်ဂယ်စမန်းကို ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပြီး နစ်ဂယ်စမန်းကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ် အသင်းဟာ နစ်ဂယ်စမန်းရဲ့ အသင်းသစ် ဖြစ်ဖို့ အလားအလာ များနေကြောင်း တင်ဆက်လိုက်ရပါတယ်။