နောက်ပိုင်းကစားခဲ့ရတဲ့ ဘွန်ဒက်လီဂါပွဲစဉ်တွေအတွင်းမှာ ဂိုးပြတ်နိုင်ပွဲတွေနဲ့ နိုင်ပွဲဆက်လာခဲ့ပြီး ချန်ပီယံဆုမျှော်လင့်ချက်တွေပါ ပြန်လည်ရှင်သန်လာခဲ့တဲ့ ဒေါ့မွန်အသင်းဟာ ဒီနေ့ညမှာတော့ အမှတ်ပေးဇယားရဲ့ အဆင့်၆နေရာမှာ ရပ်တည်နေတဲ့ ဘွန်ဒက်လီဂါမှာ ခြေစွာနေတဲ့ အသင်းဖြစ်တဲ့ လေဗာကူဆင်အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင်အသင်းကို ၄ဂိုး၃ဂိုးနဲ့ အရေးနိမ့်သွားခဲ့ရပါတယ်။

Photo Credit : Getty Images

ရပ်တည်မှု သိပ်မကွာလှတဲ့ ဘွန်ဒက်လီဂါထိပ်သီးအသင်းနှစ်သင်းရဲ့ တွေ့ဆုံမှုဖြစ်တာကြောင့် ပွဲကအစအဆုံး အတော်လေးကို ကြည့်ကောင်းတဲ့ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ကာ ဂိုးတွေလည်း အပြန်အလှန်သွင်းယူနိုင်ခဲ့ပါတယ်။ အိမ်ရှင်လေဗာကူဆင် ကိုင်းလ်ဟားဗက် ဗော်လန်တို့လို ကြယ်ပွင့်ကစားသမားတွေဦးဆောင်ပြီး ပွဲထွက်လာခဲ့သလို ဒေါ့မွန်အသင်းကလည်း ဆန်ချို ဟာလန်း အမ်မရီချန် ဟာခီမီး ဂွာရဲလ်ရိုး ဝတ်ဆဲလ်တို့လို အမာခံကစားသမားတွေကို အသုံးပြုလာခဲ့ပါတယ်။ ပထမပိုင်းမှာတော့ နှစ်သင်းလုံးက အပြန်အလှန်ဖိအားပေးကစားနိုင်ခဲ့ပြီး အဖွင့်ဂိုးကိုတော့ အိမ်ရှင်အသင်းက စတင်ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး တိုက်စစ်မှူးဗော်လန်က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအဖွင့်ဂိုးက ကြာကြာမခံနိုင်ပဲ ၂၂မိနစ်မှာ အသင်းခေါင်းဆောင် ဟမ်းမဲလ်က ဆန်ချိုကန်တင်ပေးလိုက်တဲ့ ထောင့်ကန်ဘောကနေတစ်ဆင့် ခေါင်းတိုက်ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ချေပဂိုးရပြီး ဆယ်မိနစ်လောက်အကြာမှာတော့ ကစားသမားသစ် အမ်မရီချန်ရဲ့အံ့အားသင့်စရာကန်ချက်နဲ့ ဦးဆောင်ဂိုးရခဲ့ပေမယ့် ၄၃မိနစ်မှာတော့ ဗော်လန်ကပဲ လေဗာကူဆင်အတွက် ပြန်လည်ချေပပေးခဲ့ပါတယ်။

Photo Credit : Getty Images

ပထမပိုင်းမှာကတည်းက အပြန်အလှန်သွင်းဂိုးတွေနဲ့ ဇာတ်ရှိန်မြင့်တတ်ခဲ့ရတဲ့ လေဗာကူဆင်နဲ့ ဒေါ့မွန်အသင်းတို့ရဲ့ဒုတိယပိုင်းမှာလည်း နှစ်သင်းကြား ထိုးဖောက်မှုတွေ ပိုမိုများလာရပြီး ဒေါ့မွန်ဘက်က တိုက်စစ်ဆင်မှုတွေကတော့ ပိုပြီးထိရောက်ခဲ့ပါတယ်။ ၅၂မိနစ်မှာပဲ ဆန်ချိုက ဒေါ့မွန်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် VAR နဲ့ စစ်ဆေးခဲ့ရာမှာ ဂိုးမသွင်းယူခင် ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး သွင်းဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။ ဒါပေမယ့် ၆၅မိနစ်မှာတော့ တောင်ပံကစားသမား ဂွာရဲလ်ရိုးက ဒေါ့မွန်အတွက် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီး ဒီဂိုးကတော့ အတည်ပြုခြင်း ခံလိုက်ရပါတယ်။ ဒီလို ၃ဂိုး၂ဂိုးဖြစ်နေချိန်မှာ လေဗာကူဆင်ဘက်က တိုက်စစ်မှူးလီယွန်ဘေလီကို လူစားလဲခဲ့ရာ လေဗာကူဆင်တိုက်စစ်က ချက်ချင်းကောင်းမွန်လာခဲ့ကာ ၂မိနစ်တာအတွင်းမှာပဲ ဘေလီနဲ့ လားစ်ဘန်ဒါတို့က သွင်းဂိုးတွေ ပြန်လည်ရယူခဲ့ပြီး တဖန်ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။