ဖီအိုရင်တီးနား တိုက်စစ်မှူးဟောင်း ဘာတစ်တူတာဟာ စီးရီးအေ ပွဲစဉ် (၁၁) ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပြီး သူ့ရဲ့ စံချိန်ကို မှီသွားခဲ့တဲ့ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုကို ဂုဏ်ပြုသွားခဲ့ပါတယ်။ တိုက်စစ်မှူးဟောင်း ဘာတစ်တူတာဟာ ရော်နယ်ဒိုကို ဂုဏ်ယူကြောင်း ဂုဏ်ပြုသွားခဲ့ပေမဲ့ သူ့ရဲ့ ဂုဏ်ပြုမှုဟာ တိုက်စစ်မှူး ရော်နယ်ဒိုကို အနည်းငယ် ခနဲ့သွားတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ ဘာတစ်တူတာဟာ ရော်နယ်ဒိုကို လူမှုကွန်ရက် တွစ်တာကနေ ဂုဏ်ပြုရေးသားခဲ့တဲ့ အချိန်မှာ ရော်နယ်ဒိုအနေနဲ့ ပွဲနားရလို့ စံချိန်ရဖို့ လွယ်သွားခဲ့တာပါလို့ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Twitter

ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ စပဲလ်အသင်းကို (၂-၁) နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ အဖွင့်ဂိုး သွင်းယူခဲ့ပြီး သူ ပါဝင် ကစားတဲ့ စီးရီးအေ ပွဲစဉ် (၁၁) ပွဲဆက် ဂိုးသွင်းနိုင်တဲ့ စံချိန်သစ်ကို ရရှိခဲ့ပါတယ်။ ရော်နယ်ဒိုဟာ မနေ့ညက စပဲလ်အသင်းနဲ့ ပွဲစဉ် မတိုင်ခင်၊ ဘရက်စီယာအသင်းကို (၂-ဝ) နဲ့ အနိုင်ရရှိခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာတော့ ပွဲထွက် မကစားခဲ့ဘဲ အနားယူနေခဲ့တာပဲ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ မနေ့ညက စပဲလ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ပွဲထွက် ပါဝင်ကစားခဲ့ပြီး (၃၉) မိနစ်မှာ အဖွင့်ဂိုး သွင်းယူခဲ့သလို စံချိန်သစ်တစ်ခုကိုပါ လိုက်မှီသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Twitter

ရော်နယ်ဒိုဟာ မနေ့ညက (၁) ဂိုး သွင်းခဲ့တာကြောင့် သူ ပါဝင်ကစားတဲ့ စီးရီးအေ ပွဲစဉ် (၁၁) ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ကစားသမား ဖြစ်လာပြီး ဘာတစ်တူတာရဲ့ စံချိန်ကိုပါ မှီသွားခဲ့ပါတယ်။ ဘာတစ်တူတာဟာ ဖီအိုရင်တီးနားအသင်းအတွက် ကစားခဲ့စဉ်က (၁၉၉၄-၉၅) ခုနှစ်မှာ (၁) ပွဲမှ မနားဘဲ စီးရီးအေ အဖွင့် ပွဲစဉ် (၁၁) ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ စံချိန်ကောင်းကို ရယူခဲ့ပါတယ်။ ဘာတစ်တူတာဟာ သူ့ရဲ့ စံချိန်ကို မှီသွားခဲ့တဲ့ ရော်နယ်ဒိုကို တွစ်တာကနေ ဂုဏ်ပြုသွားခဲ့ပြီး တွစ်တာမှာ “ခရစ်စတီယာနိုရေ စံချိန်အတွက် ဂုဏ်ယူပါတယ်။ ဒီလို အလွယ်ရနိုင်တဲ့ ပုံစံမျိုးဖြစ်နေတာက ကျွန်တော့်ရဲ့ အမြင်မှာတော့ ခင်ဗျား ပွဲနားရလို့ ဖြစ်မှာပါ”လို့ ရေးသားခဲ့ပါတယ်။ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ နောက်အပတ် အင်တာမီလန်အသင်းနဲ့ ကစားသွားမယ့် စီးရီးအေ ပွဲစဉ်မှာ ပါဝင်ပြီး ဂိုးသွင်းပါက ဘာတစ်တူတာရဲ့ စံချိန်ကို ကျော်သွားမှာ ဖြစ်ပါတယ်။