ဂျူလီယို ဘတ်တစ္စတာက အာဆင်နယ် ခံစစ်ကစားသမား ဝီလီယံ ဆာလီဘာကို ချီးကျူးခဲ့ပေမယ့် ဆာလီဘာအနေနဲ့ ရီးရဲလ် မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့မယ့် အခွင့်အရေးကို ရဖို့အတွက် အာဆင်နယ်မှာ ဆုဖလားတွေ ဆွတ်ခူးရမယ်လို့ ဆိုလိုက်ပါတယ်။
အာဆင်နယ်နဲ့ ရီးရဲလ်မက်ဒရစ်မှာ ကစားခဲ့ဖူးတဲ့ တိုက်စစ်ကွင်းလယ်သမားဟောင်း ဘတ်တစ္စတာက မကြာသေးခင်က ပြင်သစ်ဗဟိုခံစစ်ကစားသမား ဆာလီဘာကို ဆန်တီယာဂို ဘာနေဗျူးနဲ့ သတင်းထွက်နေမှုနဲ့ ပတ်သက်ပြီး သူ့အမြင်ကို မျှဝေခဲ့ပါတယ်။ ဘရာဇီးလ်သားက ဆာလီဘာဟာ ကမ္ဘာ့ထိပ်တန်း ခံစစ်ကစားသမားတွေထဲက တစ်ဦးဖြစ်ပေမယ့် ရီးရဲလ်ရဲ့ ကမ်းလှမ်းမှုနဲ့ ထိုက်တန်ဖို့ တစ်သမတ်တည်း အောင်မြင်မှုတွေ ပြသရမယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် အာဆင်နယ်မှာ အဓိက ဖလားတွေ ဆွတ်ခူးပေးနိုင်ဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။
Photo Credit : Football FanCast
footitalia.com နဲ့ အင်တာဗျူးမှာ ဘတ်တစ္စတာကို ဆာလီဘာဟာ တစ်နေ့မှာ ရီးရဲလ်အသင်းရဲ့ အဖြူရောင် ဂျာစီကို ဝတ်ဆင်နိုင်မလားလို့ မေးမြန်းခဲ့ရာ ဘတ်တစ္စတာက “အခုခေတ် ကစားသမားတွေအတွက် အများကြီး ပြောင်းလဲသွားပါပြီ။ ရီးရဲလ် မက်ဒရစ်လို ကလပ်ကြီးဆီ မရောက်ခင် ပိုပြီး သက်သေပြဖို့ လိုပါတယ်။ ပွဲ(၅)ပွဲ (၁၀)ပွဲလောက်နဲ့ သင်ဘာလုပ်နိုင်လဲဆိုတာ ပြလို့မရတော့ပါဘူး။ ရာသီတစ်ခုပြီးတစ်ခု ကမ္ဘာ့ထိပ်တန်း ကစားသမားတစ်ဦးဖြစ်နေဖို့ လိုပါတယ်။ ဒါမှ ရီးရဲလ်မက်ဒရစ်လို ကလပ်ရဲ့ လေးစားမှုနဲ့ စိတ်ဝင်စားမှုကို ရမှာပါ။”
“ဆာလီဘာဟာ ကမ္ဘာ့ထိပ်တန်း ဗဟိုခံစစ်ကစားသမားတစ်ဦး ဖြစ်တယ်ဆိုတာ သံသယမရှိပါဘူး။ သူက အာဆင်နယ်ရဲ့ တိုးတက်မှုမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး ဂါဘရီယယ်နဲ့အတူ ခိုင်မာတဲ့ ခံစစ်လက်တွဲမှုကို ဖန်တီးထားပါတယ်။ ဒါပေမယ့် သူ အာဆင်နယ်ကနေ မထွက်ခင် ဖလားတစ်လုံး ရယူတာကို ကျွန်တော် မြင်ချင်ပါတယ်။ ဆာလီဘာက သူ့ရဲ့ ထူးချွန်တဲ့ အရည်အသွေးကို ဆက်လက်ပြသနိုင်မယ်ဆိုရင် အနာဂတ်မှာ ရီးရဲလ်က သူ့ကို လာခေါ်နိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ သူ စဉ်းစားသင့်တာက အာဆင်နယ်နဲ့ ဖလားတွေ ရယူပြီး ချန်ပီယံဖြစ်လာဖို့ပါပဲ။” လို့ သုံးသပ်သွားခဲ့ပါတယ်။
Photo Credit : The New York Times
သတင်းတွေအရ ရီးရဲလ်အသင်းဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်က ဆာလီဘာကို သူ့ရဲ့ ခံစစ်ပိုင်းမှာ နောက်ထပ် ဂလက်တီကိုအဖြစ် ခေါ်ယူချင်နေတယ်လို့ ဆိုပါတယ်။ ကလပ်ရဲ့ ဗဟိုခံစစ်ကစားသမား (၃)ဦးထဲက အန်တိုနီယို ရူဒီဂါးနဲ့ ဒေးဗစ် အလာဘာတို့ဟာ အသက်(၃၀)ကျော်နေပြီဖြစ်ပြီး အသက်(၂၆)နှစ်သာ ရှိသေးတဲ့ အီဒါ မီလီတာအိုကတော့ ရာသီ(၂)ခုဆက်တိုက် ACL ကြောင့် ကာလရှည်ကြာ အနားယူနေရပါတယ်။
သတင်းတွေအရတော့ ရီးရဲလ် မက်ဒရစ်အသင်းဟာ ဒီနွေရာသီမှာ ဆာလီဘာကို ချိတ်ဆက်မှာ မဟုတ်ပေမယ့် နောက်နှစ်မှာ ကမ်းလှမ်းမှုတစ်ခု တင်သွင်းဖွယ် ရှိပါတယ်။ ဒါမှမဟုတ် ဆာလီဘာရဲ့ လက်ရှိစာချုပ် ၂၀၂၇ မှာ ကုန်ဆုံးတဲ့အခါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စောင့်ဆိုင်းနိုင်ပါတယ်။ အသက်(၂၄)နှစ်အရွယ် ဆာလီဘာဟာ ဗုဒ္ဓဟူးနေ့ညက ဘာနေဗျူးမှာ ရီးရဲလ်မက်ဒရစ်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ အာဆင်နယ်အတွက် အထူးကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပြသခဲ့ပါတယ်။