အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အင်တာမီလန်ရဲ့ အဓိက နောက်ခံလူ ဘာစတိုနီရဲ့ အေးဂျင့်ဖြစ်သူ ကတော့ သူ့ရဲ့ ကစားသမားဟာ ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့ရဲ့ ကမ်းလှမ်းမှုတွေကို ရထားပေမယ့် အင်တာမီလန်နဲ့သာ နောက်ထပ် ၁ရာသီ ဆက်ရှိနေဖို့ ဆုံးဖြတ်ထားကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် အီတလီ လက်ရွေးစင် ဗဟိုနောက်ခံလူ ဘာစတိုနီက ယခုနှစ် ဘောလုံးရာသီမှ စတင်ကာ အင်တာမီလန်နဲ့အတူ တောက်ပလာတဲ့ လူငယ် ဗဟိုနောက်ခံလူ တဦး ဖြစ်သလို လက်ရှိ အီတလီ စီးရီးအေရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူ ၁၀ဦး စာရင်းဝင်သူလည်း ဖြစ်ပါတယ်။

Photo Credit: Football 365

အရပ်အမြင့် ၆ပေ ၂လက်မ ရှိကာ ဘယ်ခြေအားသန် ဗဟိုနောက်ခံလူ တဦး ဖြစ်တဲ့ ဘာစတိုနီက အီတလီသား တဦး ဖြစ်တာနဲ့အညီ ခံစစ်ပိုင်းဆိုင်ရာ နည်းစနစ်တွေ ကောင်းမွန်သူ တဦး ဖြစ်သလို ခံစစ်ကြောင်းကနေ တိုက်စစ်ပိုင်းကို ဘောလုံးဖြန့်ဝေမှုတွေ ပြုလုပ်နိုင်ပြီး တဖက် တိုက်စစ်ကစားသမားတွေကို အိမ်မက်ဆိုးတွေ ပေးနိုင်တဲ့ ထိပ်တန်း ခံစစ်မှူး တဦးပါ။

ဒါကြောင့်လည်း ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့က ဘာစတိုနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြသလို အင်တာမီလန်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေပါ ပြုလုပ်နေကြပြီး အင်တာမီလန်နဲ့ စာချုပ်သက်တမ်း ၂နှစ် ကျန်နေသေးတဲ့ ဘာစတိုနီကတော့ သူဟာ အင်တာမီလန်၌သာ ဆက်နေချင်ကြောင်း တရားဝင် ပြောကြားထားပါတယ်။

Photo Credit: Football 365

ယနေ့မနက် အစောပိုင်းမှာလည်း ဘာစတိုနီရဲ့ အေးဂျင့်ဖြစ်သူ တင်တီက သူ့ရဲ့ ကစားသမားဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းသစ် တသင်းထံ ပြောင်းရွှေ့မှာ မဟုတ်သလို လာမယ့်ရာသီမှာ အင်တာမီလန်နဲ့သာ ဆက်ရှိနေမယ်လို့ ထပ်မံ အတည်ပြုသွားခဲ့ပါတယ်။

တင်တီက – “ဘာစတိုနီက အင်တာမီလန်မှာ ဆက်ရှိဖို့ သေချာပါတယ်။ သူက အင်တာမီလန်နဲ့ စာချုပ်သက်တမ်း ကျန်နေသေးသလို အင်တာမီလန်မှာ နေရတာကိုလည်း ပျော်ရွှင်နေပါတယ်။ ဒါကြောင့် သူ့အတွက် ပြဿနာ မရှိပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။