MySport Myanmar

ယာမယ်လ်က ကြောက်စရာကောင်းလောက်အောင် ထူးချွန်သူလို့ ဘက်စတိုနီ ချီးကျူး

ဒီတစ်ပတ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ အင်တာမီလန်နဲ့ ဘာစီလိုနာတို့ရဲ့ ပွဲအပြီးမှာတော့ တုံ့ပြန်မှုတွေ ဆက်တိုက်ထွက်ပေါ်နေပါတယ်။ နှစ်ကျော့ပေါင်း ၇-၆ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဘာစီလိုနာအသင်းအတွက် စိတ်ပျက်စရာတွေ အများကြီးရှိခဲ့ပေမယ့် အင်တာမီလန်တို့အတွက်တော့ ဒီလနှောင်းပိုင်းမှာ ပီအက်စ်ဂျီနဲ့ ဗိုလ်လုပွဲကစားရတော့မှာဖြစ်လို့ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။

အင်တာမီလန်အသင်းဟာ ၂၀၁၀ နောက်ပိုင်း ပထမဆုံး ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးကောင်း ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်နေကြပေမဲ့ အဲ့ဒီလိုဖြစ်မြောက်ဖို့အတွက် ပီအက်စ်ဂျီရဲ့ တိုက်စစ်ပိုင်း အန္တရာယ်ကို ဟန့်တားနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒီကိစ္စမှာ အဓိက အားထားရမယ့် ကစားသမားတစ်ဦးကတော့ နောက်ခံကစားသမား အလက်ဆန်ဒရို ဘက်စ်တိုနီ ဖြစ်ပါတယ်။

Photo Credit : Goal

MD သတင်းဌာနရဲ့ ဖော်ပြချက်အရ အီတလီလက်ရွေးစင် ဘက်စ်တိုနီဟာ အင်တာမီလန်အသင်း ဘာစီလိုနာကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပေါ် သူ့ရဲ့ သုံးသပ်ချက်ကို ပြောကြားခဲ့ပြီး သူ့ရဲ့ Instagram ပို့စ်မှာလည်း အသင်းဖော်တွေကို ဂုဏ်ပြုစကား ဆိုခဲ့ပါတယ်။ “အင်္ဂါနေ့က ကျွန်တော်တို့ ဘယ်လောက် မယုံနိုင်စရာကောင်းတဲ့ အောင်မြင်မှုကို ဖန်တီးနိုင်ခဲ့လဲဆိုတာ ခုမှပဲ သဘောပေါက်လာတော့တယ်။ ကွင်းထဲမှာ ကျွန်တော်တို့ ထားခဲ့တဲ့ ကြိုးစားအားထုတ်မှုက အရမ်းများတယ်။”

“ပြီးတော့ ဒါတွေအားလုံးက ကျွန်တော်တို့ ပရိသတ်တွေရဲ့ မမေ့နိုင်စရာ စွမ်းအင်တွေနဲ့ အပြည့်အဝ ပြန်လည်ပေးဆပ်ခံခဲ့ရပါတယ်။ အသင်းဖော်တိုင်းကို ကျေးဇူးတင်ပါတယ်။ စိတ်ဓာတ် ပြင်းပြတဲ့ဆန္ဒ နှလုံးသား။ မင်းတို့နဲ့အတူ တိုက်ပွဲဝင်ရတာက ကလေးဘဝကတည်းက လုပ်ခဲ့တဲ့ စွန့်လွှတ် အနစ်နာခံမှုတိုင်းကို တန်ဖိုးရှိစေပါတယ်။ အင်တာပရိသတ်အားလုံး မြူးနစ်မှာ တွေ့ကြမယ်။ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။”

Photo Credit : BeSoccer

စိတ်ဝင်စားစရာကောင်းတာက ဘက်စ်တိုနီဟာ ဘာစီလိုနာနဲ့ မီလန်မှာ ကစားခဲ့တဲ့ နှစ်ကျော့လုံးမှာ သူ့ရဲ့ တိုက်ရိုက် ပြိုင်ဘက်ဖြစ်ခဲ့တဲ့ လာမင်း ယာမာလ်အကြောင်းကို ပြောဖို့လည်း အခွင့်အရေး ရယူခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေကို လေးစားပါတယ်။ သူတို့ မယုံနိုင်လောက်တဲ့ ကြံ့ခိုင်မှုနဲ့ နှလုံးသားကို ပြသခဲ့ပါတယ်။ ပြီးတော့ ကြောက်စရာကောင်းလောက်အောင် ထူးချွန်တဲ့ ကောင်လေးတစ်ယောက်ကို အထူးတလည် ချီးကျူးချင်ပါတယ်။ လာမင်း ယာမာလ် မင်းက တကယ့် သားရဲလေးပဲ။”

လာမင်း ယာမာလ်ဟာ ဆန်စီရိုကွင်းမှာ ဘာစီလိုနာအသင်းရဲ့ အကောင်းဆုံး ကစားသမားအဖြစ် လူအများက သတ်မှတ်ခဲ့ကြပေမယ့် တစ်ခါတစ်ရံမှာ တစ်ကိုယ်တော် တိုက်စစ်ဆင်နေရသလို ဖြစ်ခဲ့ပြီး အဆုံးသတ်မှာတော့ အသင်းအတွက် အပြောင်းအလဲကို မဖန်တီးပေးနိုင်ခဲ့ပါဘူး။ အသက်(၁၇)နှစ်အရွယ် လူငယ်လေးဟာ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီးနောက် အကြီးအကျယ် စိတ်ပျက်ခဲ့ရပေမယ့် ဥရောပရဲ့ အောင်မြင်မှုတွေကို ရယူနိုင်ဖို့ သူ့ရှေ့မှာ နှစ်ပေါင်းများစွာ အခွင့်အရေးတွေ ရှိနေပါသေးတယ်။

Exit mobile version