MySport Myanmar

ဂရင်းဝုဒ်ဟာ မာဆေးလ်အတွက် အကောင်းဆုံးသော ခေါ်ယူမှု ဖြစ်လိမ့်မယ်လို့ ဘာတန် ဆို

မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီထွက် အင်္ဂလန် လူငယ် တိုက်စစ်ကစားသမားလေး မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူနိုင်တော့မယ့် မာဆေးလ်အသင်းအတွက် ဒီအပြောင်းအရွှေ့က အသင်းကို အကျိုးရှိစေမယ့် ခေါ်ယူမှု ဖြစ်လာလိမ့်မယ်လို့ မာဆေးလ် ကစားသမားဟောင်း ဂျိုယေး ဘာတန်က မှတ်ချက်ပြု ပြောဆိုလာခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် တိုက်စစ်ကစားသမား ဂရင်းဝုဒ်ဟာ ယူနိုက်တက်ရဲ့ အားထားရတဲ့ အရည်အသွေးမြင့် ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း အတူနေချစ်သူအပေါ် ပြုမှုခဲ့တဲ့ ကိစ္စရပ်တွေကြောင့် အသင်းမှာ ဆက်လက် ကစားခွင့်ပေးလို့ မရတော့ပဲ ပြီးခဲ့တဲ့ ရာသီမှာကတည်းက ဂီတာဖေးအသင်းဆီ တစ်ရာသီ အငှားချခဲ့ရပါသေးတယ်။

Photo Credit : MSN

ဂရင်းဝုဒ်က ဂီတာဖေးအသင်းမှာ အငှားနဲ့ သွားကစားရင်းနဲ့ ဂီတာဖေးအတွက် (၃၆)ပွဲကစား (၁၀)ဂိုးသွင်းပြီး (၆)ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့အပြင် အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူးခဲ့ရပါသေးတယ်။ ဒါကြောင့် ဂရင်းဝုဒ်ကို ဘာစီလိုနာ အသက်လက်တီကို ဆီဗီလာနဲ့ ဗလင်စီယာတို့လို လာလီဂါ ကလပ်အသင်းတွေကပါ စိတ်ဝင်စားလာခဲ့ ဖြစ်ပါတယ်။

ဒီအသင်းတွေအပြင် ဂျုဗင်တပ်စ် နာပိုလီ လာဇီယို မာဆေးလ်အသင်းတို့ကလည်း ဂရင်းဝုဒ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်နေပြီး နောက်ဆုံးတော့ ပြင်သစ်လီဂူးဝမ်း ကလပ်အသင်း မာဆေးလ်က ဂရင်းဝုဒ်ကို ပြောင်းရွှေ့ကြေး ပေါင် (၂၇)သန်း + (၅၀)% sell-on clause တို့နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။

Photo Credit : Bench Warmers

ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မာဆေးလ်အသင်းမှာ အငှားနဲ့ လာရောက်ကစားဖူးတဲ့ မာဆေးလ် ကစားသမားဟောင်းကြီး ဘာတန်က “ဒါက အရမ်းကို ကောင်းမွန်တဲ့ ခေါ်ယူမှုတစ်ခုပါ။ ဒီချာတိတ်လေးက သူရဲ့ကစားသမားဘဝကို ပြန်လည် တည့်မတ်ဖို့အတွက် အခွင့်အရေးတစ်ခု ရထိုက်ပါတယ်။ ကျွန်တော်တို့ အားလုံးလည်း အမှားတွေ လုပ်ခဲ့ကြတာပဲလေ။ ဘယ်သူကမှ ပြီးပြည့်စုံနေတယ်ဆိုတာ မရှိပါဘူး။”

“အင်္ဂလန်အသင်းလည်း ဒီကစားသမားလေးကိုသာ ယူရိုပြိုင်ပွဲအတွက် ခေါ်သွားခဲ့မယ်ဆိုရင် အင်္ဂလန်က ယူရိုချန်ပီယံ ဖြစ်နေလောက်ပြီ။ သူက ကစားသမားကောင်းတစ်ဦး ဖြစ်တာကြောင့် ယူရိုပြိုင်ပွဲဝင်ခွင့်ရတဲ့ ဘယ်အသင်းနဲ့မဆို အံ့ဝင်ခွင်ကျ ဖြစ်နေမှာ။ သူရဲ့အပြုအမှုနဲ့ လူအများရဲ့ ဝေဖန်မှုတွေက သူရဲ့ခြေစွမ်းပိုင်းကို ထိခိုက်စေရပေမယ့်လည်း စပိန်က အလယ်အလတ် အသင်းတစ်သင်းဆီ ရောက်သွားချိန်မှာတောင် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။” လို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။

Exit mobile version