စပိန်လာလီဂါ ထိပ်သီးအသင်း တစ်သင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ ဖြစ်သူ ဘာတိုမြူကတော့ လက်ရှိ ဘောလုံးရာသီမှာ လာလီဂါဖလား ဆွတ်ခူးနိုင်ဖို့အတွက် သူတို့ အသင်းနဲ့ အပြိုင် ဖြစ်နေတဲ့ ပြိုင်ဘက် ရီးရဲလ် မက်ဒရစ် အသင်းကို VAR ဟာ အကူအညီ ပေးနေတယ်လို့ စွပ်စွဲ ဝေဖန်လိုက်ပါတယ်။ ရီးရဲလ် မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ လက်ရှိအချိန်မှာ လာလီဂါချန်ပီယံဆုကို ရရှိဖို့ အတွက် အကြိတ်အနယ် ယှဉ်ပြိုင်နေရတဲ့ အသင်းတွေ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်ကြောင့် ရပ်နားထားခဲ့ရတဲ့ လာလီဂါပြိုင်ပွဲကို ပြန်လည် မစတင်မီမှာ ဘာစီလိုနာအသင်းဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို ရောက်ရှိနေခဲ့ပေမယ့် လာလီဂါပြိုင်ပွဲကို ပြန်လည် စတင်ပြီးနောက် မှာ ၇ပွဲကစားထားရာ ၄ပွဲသာ အနိုင်ရရှိပြီး ၃ပွဲ အထိ သရေကျခဲ့တာကြောင့် အမှတ်ပေးဇယားကို ဦးဆောင်နိုင်မယ့် အခွင့်အရေးကို ရီးရဲလ် မက်ဒရစ်အသင်းဆီ လွှဲပြောင်းပေးခဲ့ရပါတယ်။

Photo Credit: Marca

တစ်ဖက်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါပွဲစဉ် ၇ပွဲ စလုံးကို အနိုင်ယူနိုင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ရမှတ် ၇၇မှတ်နဲ့အတူ ဒုတိယနေရာမှာ ရှိနေတဲ့ ဘာစီလိုနာအသင်းကို ရမှတ် ၄မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရီးရဲလ် မက်ဒရစ်အသင်း နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်နှစ်ပွဲ ဖြစ်တဲ့ ဘီလ်ဘာအိုအသင်း ၊ ဂီတာဖေးအသင်းတို့နဲ့ ရင်ဆိုင် ကစားခဲ့ရတဲ့ ပွဲတွေမှာ ပင်နယ်တီ သွင်းဂိုးတွေနဲ့အတူ အနိုင်ရရှိနေတာကြောင့် ဘောလုံးအဖွဲ့ချုပ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းကို ယခုနှစ်မှာ လာလီဂါဖလား ရအောင် ကူညီနေတယ်လို့ ဝေဖန်မှုတွေ အများအပြား ထွက်ပေါ် လာခဲ့ပြီး လက်ရှိမှာတော့ ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌ ဘာတိုမြူကပါ VAR စနစ်ဟာ တူညီတဲ့ အသင်းတစ်သင်းတည်းကိုပဲ ကူညီနေတယ်လို့ ဝေဖန်စွပ်စွဲသွားခဲ့ပါတယ်။

Photo Credit: Marca

ရီးရဲလ်မက်ဒရစ်အသင်းဟာ VAR ရဲ့ ကူညီ ထောက်ပံ့မှုတွေကို ရရှိနေကြောင်းကို ဘာတိုမြူ က ” San Mames မှာ ကစားခဲ့တဲ့ပွဲ(ဘီလ်ဘာအိုအသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ရဲ့ပွဲ) ကို ပွဲပြီးခါနီးအထိ ကျွန်တော် ကြည့်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် စိတ်မကောင်း ဖြစ်ခဲ့မိပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးလိဂ်တစ်ခု ဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်ကြောင့် ဘောလုံးပွဲတွေကို ရပ်နားထားပြီး ပြန်လည် စတင်ချိန်မှာ VAR ဟာ မရိုးသားတော့တာကြောင့်ပါ။ VAR ကြောင့် ရလဒ်တချို့ဟာ ပြောင်းလဲခဲ့ရပြီး VAR ဟာ အမြဲတမ်း တူညီတဲ့အသင်း တစ်သင်းတည်းကိုပဲ အသာစီး ရရှိစေပါတယ် ” လို့ ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ၂၀၁၉ – ၂၀၂၀ လာလီဂါ ဘောလုံးရာသီ ကုန်ဆုံးဖို့ ၄ပွဲသာ လိုအပ်တော့တာကြောင့် အဆိုပါ၄ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းက ၃ပွဲ အနိုင်ရရှိတာနဲ့ လာလီဂါချန်ပီယံဆုကို ရရှိသွားတော့မှာ ဖြစ်ပြီး ဘာစီလိုနာအသင်းကတော့ ရီးရဲလ်မက်ဒရစ် အသင်း ခြေချော်မယ့် အချိန်ကို စောင့်ကာ ကြိုးစား ကစား သွားရတော့မှာပါ။