ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ဘားနက်စ်ကတော့ သူ့အသင်းဟောင်းရဲ့ ပစ်မှတ် ကစားသမား စာရင်းထဲမှာ ပါဝင်နေတဲ့ ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဟမ်ဟာ လီဗာပူးနဲ့ အံဝင်ခွင်ကျ ဖြစ်မယ့် ကစားသမားမျိုး ဖြစ်တာကြောင့် လီဗာပူးအနေနဲ့ ဘယ်လင်ဟမ်ကို အမိအရ ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဘယ်လင်ဟမ်က ဆယ်ကျော်သက် ကစားသမား အရွယ်မှာပဲ ရှိနေသေးပေမယ့် သူဟာ ကမ္ဘာ့အဆင့် ခြေစွမ်းအား ပိုင်ဆိုင်ထားကြောင်းကို ဒေါ့မွန်နဲ့အတူ သက်သေပြထားနိုင်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ လီဗာပူး အပါအဝင် ဥရောပ အသင်းကြီးတွေ အားလုံးက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။

Photo Credit: Metro

ဘယ်လင်ဟမ်က အသက် ၁၆နှစ် အရွယ်မှာပဲ ဘာမင်ဂမ်နဲ့အတူ သူမတူတဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့တာကြောင့် ဒေါ့မွန်ဆီ ၂၀၂၀ခုနှစ်မှာ ပြောင်းရွှေ့ကြေး ယူရို ၂၅သန်းနဲ့ ပြောင်းရွှေ့နိုင်ခဲ့ပြီး ဒေါ့မွန်အတွက် ၂ရာသီ ပါဝင် ကစားပေးထားရာမှာ ပြိုင်ပွဲစုံ ၉၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၀ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၈ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးက ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ ကာလရှည် စောင့်ကြည့်နေခဲ့တာ ဖြစ်ပြီး ယခု နွေဈေးကွက် အတွင်းမှာတင် ဘယ်လင်ဟမ် အတွက် စုံစမ်းမှုတွေ စတင် ပြုလုပ်ဖို့ စီစဉ်နေကာ အကယ်၍ ယခု နွေဈေးကွက် အတွင်းမှာ ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်မယ့် အနေအထားမျိုး မရှိရင် လာမယ့် နွေဈေးကွက်မှာ ဘယ်လင်ဟမ်ကို ကျိန်းသေပေါက် ခေါ်ယူဖို့ ကြိုးစားသွားမှာပဲ ဖြစ်ပါတယ်။

လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ဘားနက်စ်ကတော့ လီဗာပူးရဲ့ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ ကြိုးစားနေမှုအား သဘောကျနေပြီး ဘယ်လင်ဟမ်က လီဗာပူးအတွက် အရမ်းကို ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်လိမ့်မယ်လို့လည်း သုံးသပ်သွားခဲ့ပါတယ်။

Photo Credit: Metro

ဘားနက်စ်က – “ကျွန်တော်ကတော့ ဘယ်လင်ဟမ်ဟာ ထိပ်တန်း ကစားသမား တယောက်လို့ မြင်ပါတယ်။ ပြီးတော့ ကျွန်တော်က သူ့ကို လီဗာပူးဝတ်စုံနဲ့ မြင်တွေ့ချင်ပါတယ်။ ကျွန်တော်က ဘယ်လင်ဟမ် အပြင် လီဗာပူးမှာ ထပ်ပြီး မြင်ချင်တဲ့ ကစားသမားဟာ အခု စပါးဆီ ပြောင်းသွားတဲ့ ကွင်းလယ်လူ ဘစ်ဆူးမားပါပဲ။ ဘစ်ဆူးမားက စပါးဆီ ပြောင်းသွားခဲ့လို့ လီဗာပူးမှာ သူ့ကို မြင်ရဖို့ မရှိတော့ပေမယ့် ကျွန်တော်တို့အသင်း လိုအပ်နေတဲ့ ကွင်းလယ်လူဟာ သူ့လိုပုံစံပါ။ ကြိုးစားတယ်။ ပြီးတော့ တိုက်စစ်ထက် ခံစစ်ပိုင်းကို ပိုပြီး ဦးစားပေး ကစားနိုင်တယ်။ ဂိုးတွေ အများကြီး မသွင်းနိုင်ပေမယ့် တဖက်အသင်းရဲ့ တိုက်စစ်ကို ဟန့်တားပြီး ရှေ့တန်းကို ဘောလုံးတွေ ခပ်မြန်မြန် ပေးပို့နိုင်တဲ့သူပါ။ ဘယ်လင်ဟမ်ကလည်း ဘစ်ဆူးမားနဲ့ ကစားပုံ ဆင်တဲ့ ကွင်းလယ်လူ တဦးပါ။ ပြီးတော့ သူက ဘစ်ဆူးမားထက် ပိုပြီး အရည်အသွေး ပြည့်ဝတဲ့ ထိပ်တန်း ကွင်းလယ်လူလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဘယ်လင်ဟမ်ဟာ လီဗာပူးအတွက် အရမ်းကို ကောင်းမွန်တဲ့ ကစားသမား ခေါ်ယူမှု ဖြစ်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်” ဆိုပြီး အကြံပေးခဲ့တာပဲ ဖြစ်ပါတယ်။