အပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ ကောလဟာလတွေတောင် ထွက်ပေါ်ထားခြင်းမရှိပဲ ရုတ်တရက်ကြီး ချယ်လ်ဆီးအသင်းကနေ အက်စတွန်ဗီလာအသင်းဆီ တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်ကစားသမား ရိုစ့်ဘာကလေကတော့ ချယ်လ်ဆီးမှာ နေရာပျောက်ဆုံးရဖို့ သေချာနေတဲ့အတွက်ကြောင့်နဲ့ရော ဒီနှစ်ဘောလုံးရာသီအကုန်မှာ ကျင်းပသွားမယ့် ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားရနိုင်ဖုုိ့အတွက်ပါ ဗီလာအသင်းဆီကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : WinningGoals Nigeria

အသက်(၂၆)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဘာကလေဟာ နွေစျေးကွက်အတွင်း ကိုင်းလ်ဟားဗက်ဇ်နဲ့ ဟာကင်ဇီယက်ရှ်တို့လို ကွင်းလယ်တိုက်စစ် ကစားသမားသစ်တွေကို ခေါ်ယူအားဖြည့်ထားခဲ့တဲ့ ချယ်လ်ဆီးအသင်းမှာ သူ့အတွက် နေရာတစ်နေရာ ရရှိနိုင်ဖို့ ခက်ခဲတော့မှာဖြစ်လို့ အခုလို အသင်းကနေ အငှားနဲ့ထွက်ခွာဖို့ကို ချက်ချင်းဆုံးဖြတ်လိုက်ရတာဖြစ်ပြီး လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံရဖို့အတွက်ဖြစ်တယ်လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ ဘာကလေက “ပြီးခဲ့တဲ့ (၂)နှစ်လောက်ကတည်းက ကျွန်တော်က ကစားရလိုက် ပွဲထွက်ခွင့်တွေ မရလိုက် ခြေစွမ်းတွေပြလိုက် အသင်းရဲ့လူစာရင်းထဲမှာ မပါဝင်ရလိုက်နဲ့ ဖြစ်နေခဲ့ရတယ်”

Photo Credit : Anadolu Agency

“ကျွန်တော်ဒီကို ရောက်လာရတာက ပုံမှန်ကစားခွင့်တွေကို ပိုင်ဆိုင်ရဖို့အတွက်ပါပဲ။ ဒါက ကျွန်တော့်အတွက် အရေးကြီးတယ်။ ပြီးရင် ဒီနှစ်ဘောလုံးရာသီအပြီးမှာ ကျင်းပသွားတော့မယ့် ယူရိုပြိုင်ပွဲကလည်း ကျွန်တော့်အတွက် အဓိကပစ်မှတ်ပဲ။ ကျွန်တော်ဒီပြိုင်ပွဲမှာ ဝင်ရောက်ဆင်နွဲရဖို့ မျှော်လင့်တယ်။ ဒင်းစမစ်နဲ့လည်း စကားပြောဆိုခဲ့ချိန်မှာ သူကကျွန်တော့်ကို အသင်းကို ရောက်လာနိုင်အောင် ဆွဲဆောင်နိုင်ခဲ့တယ်။ ကြည့်ရတာကတော့ ဒီရာသီမှာ ကျွန်တော်တို့ ဗီလာအသင်းအတွက် အရမ်းကို စိတ်လှုပ်ရှားစရာ ဘောလုံးရာသီတစ်ခု ဖြစ်လာတော့မယ်လို့ ထင်ပါတယ်” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ကလည်း အင်္ဂလန်ကစားသမားတွေအနေနဲ့ လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့အတွက်ဆိုရင် သက်ဆိုင်ရာကလပ်အသင်းတွေမှာ ပုံမှန်ရွေးချယ်ခံရဖို့တော့ လိုအပ်လိမ့်မယ်လို့ သတိထားပြောဆိုထားခဲ့တဲ့အတွက် ဘာကလေအနေနဲ့ သူ့ကို နေရာပေးနိုင်မယ့် ဗီလာအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဗီလာက ဒီရာသီမှာ ကစားသမားသစ်များစွာကို အားဖြည့်ခေါ်ယူထားခဲ့သလို အသင်းကလည်း ပရီးမီးယားလိဂ် (၂)ပွဲကစားပြီးတဲ့နောက် ရာနှုန်းပြည့်နိုင်ပွဲဆက်နေသလို နှစ်ပွဲဆက်တိုက်လုံးကိုလည်း Clean Sheets ရထားတဲ့အထိ ခြေစွမ်းပြထားနိုင်ခဲ့ပါတယ်။