အင်တာမီလန်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ကွင်းလယ်လူ နီကိုလိုဘာရယ်လာက သူတို့အသင်းအနေနဲ့ မနေ့ညက ဘာစီလိုနာအသင်းနဲ့ တစ်ဖက် (၃)ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အသင်းသားတွေရဲ့ စိတ်ဓါတ်ကောင်းကို ပြသနိုင်ခဲ့လို့ ဂုဏ်ယူမိတယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

နူးကမ့်မှာ ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ အင်တာတို့ရဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၄)မှာ နှစ်သင်းလုံး အပြန်အလှန် ဂိုးတွေကို ပွဲပြီးခါနီးအထိ သွင်းယူရင်းနဲ့ နောက်ဆုံးမှာ တစ်ဖက် (၃)ဂိုးစီ သရေနဲ့ ပွဲက အဆုံးသတ်သွားခဲ့ရပြီး ပွဲရလဒ်နဲ့ နှစ်သင်းကြား Head-to-Head အနေအထားအကြောင့် အင်တာက ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ဖို့ အခြေအနေအကောင်းဆုံး ဖြစ်လာခဲ့ပါတယ်။ ဒီပွဲမှာ အင်တာအတွက် အရေးပါလှတဲ့ ချေပဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဘာရယ်လာက ပွဲဟာ သရေရလဒ်နဲ့ အဆုံးသတ်ခဲ့ရပေမယ့်လည်း အသင်းစိတ်ဓါတ်ကို ပြသနိုင်ခဲ့လို့ ကျေနပ်ဂုဏ်ယူမိတယ်လို့ ပြောဆိုလိုက်ပါတယ်။

Photo Credit : FC Inter News

ဘာရယ်လာက “ကျွန်တော်တို့တွေ နိုင်ပွဲတစ်ပွဲကို ယူဆောင်ချင်ခဲ့ပေမယ့်လည်း ဒီရာသီအစကတည်းက ပျောက်ဆုံးနေခဲ့ရတဲ့ စိတ်ဓါတ်ပိုင်းမျိုးကို ပြန်လည် ပြသနိုင်ခဲ့တယ်။ အခု ကျွန်တော်တို့တွေ ဒီစိတ်အားထက်သန်မှုလှိုင်းကို ဆက်လက် စီးဆင်းနိုင်ရမယ်။ နောက်ပြီး အင်တာ ဂျာစီကို ဝတ်ဆင်ထားရင်း တိုက်ပွဲဝင်လိုတဲ့ စိတ်ဆန္ဒတွေကိုလည်း ဆက်လက် ပြသနိုင်ရမယ်။ ဒါက ရေဒါပေါ်မှာ ခဏလေးပေါ်လာတဲ့ အစက်လေးလို မဖြစ်ရပါဘူး။ အရမ်းကို အံ့အားသင့်စရာ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပေမယ့် ဒီလို တစ်ပွဲတည်းနဲ့တာ့ မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့တွေ ဆိုးရွှားတဲ့ အချိန်ကာလတစ်ခုထဲ ရောက်ခဲ့ရတယ်။ ဒါက ငြင်းစရာ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ ဒီနေရာမှာ ရှိနေတယ်ဆိုတာကို သက်သေပြခဲ့ပြီးပါပြီ။ ဒီအသင်း ဒီကလပ်နဲ့ ဒီဂျာစီအတွက် တိုက်ပွဲဝင်ခဲ့ပါတယ်” လို့ ကြွေးကြော် ပြောကြားလိုက်ပါတယ်။ အင်တာမီလန်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ (၄)ပွဲ ကစားထားပြီးချိန် ဘိုင်ယန်မြူးနစ် တစ်သင်းတည်းကိုသာ အရေးနိမ့်ထားခဲ့ရပြီး ပယ်လ်ဇန်ကို အနိုင်ယူထားပြီဒ ဘာစီလိုနာကိုတော့ တစ်ကျော့နိုင် တစ်ကျော့သရေကျထားတဲ့အတွက် (၁၆)သင်းအဆင့်ဆီ တတ်လှမ်းနိုင်ဖို့က အခြေအနေကောင်းနေရပြီ ဖြစ်ပါတယ်။