ဘာစီလိုနာအသင်းဟာ မနေ့ညက အယ်ချီအသင်းကို သူတို့ရဲ့အိမ်ကွင်း နူးကမ့်မှာ ဧည့်ခံကစားခဲ့ပြီး ပွဲစစချင်းလောက်မှာ ပင်နယ်တီကန်ခွင့် ရခဲ့ပေမယ့်လည်း ဘရေ့ဝိတ်က ဂိုးအဖြစ် ဝင်အောင်မကန်သွင်းနိုင်ခဲ့သလို ဧည့်သည်အီဘာအသင်းရဲ့ ဦးဆောင်မှုကိုလည်း ခံလိုက်ရကာ ဒုတိယပိုင်းမှ လူစားဝင်လာခဲ့တဲ့ အူစမန်ဒမ်ဘီလီရဲ့ ချေပဂိုးကြောင့် တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေတစ်မှတ်ကို ခွဲယူလိုက်ရတာဖြစ်ပါတယ်။

Photo Credit : Sky Sports

နည်းပြရော်နယ်ကိုးမန်းလက်ထက် ဘာစီလိုနာအသင်းရဲ့ ဒီရာသီ စွမ်းဆောင်ရည်ပိုင်းတွေက ကျဆင်းလာခဲ့ရပြီး ရလဒ်တွေကလည်း အသင်းပရိသတ်တွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ ဒီသရေပွဲကြောင့် ဘာစီလိုနာအသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာမှာပဲ ဆက်လက်ရှိနေခဲ့ရသလို ထိပ်ဆုံးနေရာက အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့လည်း ရမှတ်(၇)မှတ်အထိကို ကွာဟလျက်ရှိနေပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး နည်းပြကိုးမန်းက “ ကျွန်တော်က လက်တွေ့ဆန်တဲ့သူပါ။ ကျွန်တော်တို့အသင်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့က ခက်ခဲနေလိမ့်မယ်လို့ပဲ ယူဆမိတယ်”

Photo Credit : Goal

“မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဆိုပေမယ့်လည်း အသင်းတွေကြားက ကွာဟမှုတွေကိုတော့ လက်ခံထားရမယ်။ အသက်လက်တီကိုအသင်းကို ကြည့်ရတာ အရမ်းတောင့်တင်းသလိုပဲ။ ဂိုးတွေလည်း အနည်းအကျဉ်းလေးပဲ ခွင့်ပြုထားခဲ့ရတယ်။ ယေဘုယျအားဖြင့်ဆိုရင်တော့ အသင်းရဲ့ကစားပုံက ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်ဦးချင်းအမှားတွေကနေ ရလဒ်တွေ ဆုံရှုံးခဲ့ရတာပါ။ ကျွန်တော်တို့တွေ အနိုင်ရဖို့ ထိုက်တန်ခဲ့တယ်။ လိုအပ်သမျှတွေကိုလည်း လုပ်ဆောင်ခဲ့တယ်။ သူတို့ကတော့ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်ကနေ ဂိုးရသွားခဲ့တယ်။ ကျွန်တော်တို့က အခွင့်အရေးတွေ ဖန်တီးနိုင်တယ်။ ဒါပေမယ့် ပင်နယ်တီကနေတောင် ဂိုးမသွင်းနိုင်ခဲ့သလို ခံစစ်ပိုင်းမှာလည်း အမှားအယွင်းတွေ ရှိနေခဲ့တယ်။ အကောင်းဆုံး ကြိုးစားကစားခဲ့ပေမယ့်လည်း ဒီလို ရလဒ်တိမ်းစောင်းမှုတွေက ကျွန်တော်တို့ဆီမှာ မကြာခဏ ဖြစ်ပေါ်နေတတ်တယ်။” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီ ပါဝင်နိုင်ခဲ့ခြင်းမရှိတာနဲ့ ပတ်သက်ပြီးတော့လည်း ကိုးမန်းက “ဘာစီလိုနာအသင်းက မက်ဆီမပါဝင်ပဲ ကောင်းကောင်းကစားနိုင်လိမ့်မယ်လို့ သင်ပြောလို့မရနိုင်ပါဘူး။ မက်ဆီက တကယ့်ကို ထူးခြားကွဲပြားတဲ့ ကစားသမားတစ်ယောက်ပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။