ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ဆက်လက်ရင်ဆိုင်နေရချိန်မှာ အသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမားလေး မော်ရီဘာကို လိုက်ပ်ဇစ်အသင်းဆီ ပြောင်းရွှေ့ကြေး ပေါင်(၁၃)သန်းဝန်းကျင်နဲ့ ရောင်းချသွားဖို့ လက်ခံခဲ့ရသလို အသင်းရဲ့ ဘရာဇီး နောက်ခံအစွန်လူ အီမာဆန်ရိုင်ရယ်ကိုပါ စပါးအသင်းဆီ ပေါင်(၂၅.၇)သန်းနဲ့ ရောင်းချဖို့ပါ သဘောတူညီခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Youtube

အသက်(၂၂)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဘရာဇီးညာနောက်ခံကစားသမား အီမာဆန်ဟာ ဘရာဇီးကလပ် ၂၀၁၉ခုနှစ်မှာပဲ အသကက်လက်တီကိုမင်နဲရိုးကနေ ဘာစီလိုနာအသင်းဆီကို ရောက်ရှိလာခဲ့ပြီး ဘာစီလိုနာနဲ့ နောက်ထပ် လာလီဂါကလပ် ရီးယဲလ်ဘက်တစ်အသင်းတို့ သဘောတူညီမှု ရယူခဲ့ကာ အီမာဆန်ကို (၂)သင်းပိုင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဘက်တစ်မှာ (၂)ရာသီနီးပါး ကစားခဲ့ပြီးနောက် ၂၀၂၁ခုနှစ်မှာတော့ ဘာစီလိုနာက အီမာဆန်ကို အပြီးသတ် ပြန်လည်ခေါ်ယူခဲ့ပြီး အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် လပိုင်းအကြာမှာပဲ စပါးအသင်းဆီ ရောင်းချသွားဖို့ သဘောတူခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

စပါးအသင်းဟာ အီမာဆန်ကို ခေါ်ယူနိုင်ဖို့အတွက် အရင်ကတည်းက ကြိုးပမ်းနေခဲ့တာဖြစ်ပြီး အသင်းရဲ့ညာနောက်ခံလူ အော်ရီယေးနဲ့ပါ အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပဲ နွေစျေးကွက် ပိတ်သိမ်းခါနီးမှသာ ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ စပါးအသင်းဟာ အီမာဆန်အတွက် ကနဦးပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၂၁)သန်းကိုသာ အရင်ပေးချေသွားမှာဖြစ်ပြီး လက်ကျန် ပြောင်းရွှေ့ကြေးကိုတော့ ဆက်လက်ပေးချေမှာ ဖြစ်သလို အပိုဆုကြေးတွေလည်း ထည့်သွင်းထားတာ ဖြစ်ပါတယ်။ လာလီဂါမှာ (၂)ရာသီခွဲလောက်သာ ကျင်လည်ခဲ့ရတဲ့ အီမာဆန်ကို သူရဲ့အသင်းသစ် ဖြစ်လာတော့မယ့် စပါးအသင်းကနေ (၅)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားမှာဖြစ်ပြီး အီမာဆန်သာ အသင်းကို ရောက်ရှိလာခဲ့မယ်ဆိုရင် တန်ဂါဂါနဲ့ မတ်ဒိုဟာသီတို့ အရန်စာရင်းကို ရောက်ရှိသွားမှာဖြစ်သလို ဆာဂျီအော်ရီယေးကိုတော့ အသင်းကနေ ရောင်းထုတ်ဖွယ် ရှိနိုင်ပါတယ်။ လက်ရှိမှာတော့ နည်းပြနူနိုဆန်တိုဟာ အသင်းရဲ့ ညာခြမ်းခံစစ်မှာ တန်ဂါဂါကို နေရာပေးထားပြီး တန်ဂါဂါကလည်း ခြေစွမ်းကောင်းတွေ ပြသထားတာကြောင့် အီမာဆန်ရောက်လာရင် ခံစစ်ညာခြမ်းအတွက် အပြိုင်အဆိုင်ဖြစ်ဖွယ် ရှိနေပါတယ်။