MySport Myanmar

ကတ်တလန်ဒါဘီမှာ တောရက်စ် အူဘာ ထရာအိုရေးတို့ အစုအဖွဲ့ကို စတင်သုံးစွဲဖွယ် ရှိနေတဲ့ ဇာဗီ

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမားသစ်ဖြစ်သူ ပီယာအန်းမရစ်အူဘာမီယန်းဟာ လာမယ့် တနဂ်နွေနေ့ အက်စပန်ညိုအသင်းနဲ့ ရင်ဆိုင်သွားရမယ့် ကတ်တလန်ဒါဘီ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ပထမဦးဆုံးအကြိမ် စတင်ပါဝင် ကစားရနိုင်သလို ပြီးခဲ့တဲ့ စျေးကွက်တုန်းက ခေါ်ယူထားခဲ့တဲ့ တိုက်စစ်ကစားသမား (၃)ဦးလုံးကိုပါ တပြိုင်တည်း စတင်သုံးစွဲလာဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

အသက်(၃၂)နှစ်အရွယ်ရှိ ဂါဘွန်လက်ရွေးစင် တိုက်စစ်ကစားသမား အူဘာမီယန်းဟာ ဆောင်းစျေးကွက်ရဲ့ နောက်ဆုံးနေ့ရက်မှာပဲ အာဆင်နယ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ဘာစီလိုနာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အူဘာဟာ ဘာစီလိုနာနဲ့ အသက်လက်တီကိုအသင်းတို့ ပွဲစဉ်မှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ကစားခွင့် ရရှိခဲ့သလို Sunday မှာ မြို့ခံကလပ် အက်စပန်ညိုအသင်းနဲ့ ဆုံတွေ့သွားရမယ့် ပွဲစဉ်မှာပါ ပွဲထွက်ကစားသမားအဖြစ် စတင် ကစားရနိုင်တယ်လို့ စပိန်နာမည်ကျော် AS သတင်းစာကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဘာစီလိုနာအသင်းနည်းပြ ဇာဗီအနေနဲ့ အက်စပန်ညိုအသင်းနဲ့ ရင်ဆိုင်သွားရမယ့် လာလီဂါပွဲစဉ်မှာ တိုက်စစ်မှူးသစ် အူဘာကို အထောင်တိုက်စစ် No.9 နေရာမှာ အသုံးပြုလာနိုင်ပြီး နောက်ထပ် ကစားသမားသစ် နှစ်ဦးဖြစ်တဲ့ ဖယ်ရန်တောရက်စ်နဲ့ အဒမ်မာထရာအိုရေးတို့ကိုပါ တောင်ပံတစ်ဖက်စီမှာ အသုံးပြုလာနိုင်ဖွယ် ရှိနေပါတယ်။ ဘာစီလိုနာနဲ့ ပွဲဦးထွက်မှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ထရာအိုရေးကို တိုက်စစ် ညာခြမ်းနေရာမှာ အသုံးပြုလာနိုင်သလို ဒန်နီအဲလ်ဗက်စ်က ပွဲပယ်ခံထားရမှာဖြစ်လို့ Wing-back နေရာမှာလည်း သုံးစွဲလာနိုင်ပါတယ်။ မန်စီးတီး ကစားသမားဟောင်းလေး ဖယ်ရန်တောရက်စ်ကို ဘယ်ခြမ်းမှာပဲ ပွဲထွက်လာနိုင်ပါတယ်။ တကယ်လို့သာ ဆောင်းစျေးကွက်အတွင်းက ခေါ်ယူထားခဲ့တဲ့ အူဘာ တောရက်စ် ထရာအိုရေးတို့နဲ့ တိုက်စစ်မှာ ပွဲထွက်လာခဲ့မယ်ဆိုရင်တော့ အသက်လက်တီကိုနဲ့ပွဲမှာ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့ လူငယ်ကစားသမားလေး ဂါဗီ အရန်လူစာရင်းထဲ ရောက်သွားနိုင်ပါတယ်။ လက်ရှိမှာ ဘာစီလိုနာအသင်းက လာလီဂါ အမှတ်ပေးဇယားရဲ့ အဆင့်(၄)အတွင်း ပြန်လည်ဝင်ရောက်နေပြီဖြစ်လို့ ဒီအခြေအနေကို ဆက်ထိန်းထားဖို့ လိုတေဲ့အပြင် အက်စပန်ညိုနဲ့ ပွဲစဉ်အပြီးမှာလည်း ယူရိုပါလိဂ် ရှုံးထွက်ပွဲစဉ်အဖြစ် နာပိုလီအသင်းနဲ့ ပွဲကျပ်ရင်ဆိုင်သွားရဦးမှာ ဖြစ်ပါတယ်။

Exit mobile version