စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းဟာ အင်္ဂါနေ့ညပိုင်းလောက်က အီဘာ အသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအရကော၊ ဂိုးပေါက် ခြိမ်းခြောက်မှုအရကော သာလွန်ခဲ့ပေမယ့် အဆုံးသတ် မသေချာမှုတွေကြောင့် သရေ ရလဒ်သာ ပုံဖော်နိုင်ခဲ့ပြီး ရမှတ်တွေ ဆုံးရှုံးခဲ့ရပါတယ်။ ဘာစီလိုနာ အသင်းအနေနဲ့ အဆိုပါ ပွဲစဉ်မှာ ပွဲကစားချိန် ၈ မိနစ်လောက်မှာ ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့ပေမယ့်လည်း မာတင် ဘရစ်ဝိတ် က အကောင်းဆုံး အသုံးမချနိုင်ခဲ့တာကြောင့် ဘာစီလိုနာ အသင်း ဦးဆောင်ဂိုး နဲ့ လွဲချော်ခဲ့ရပါတယ်။

Photo Credit: Marca

ပွဲကစားချိန် ၅၇ မိနစ်အရောက်မှာတော့ ကီကာ ဂါဆီယာ က အီဘာ အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ဘာစီလိုနာ အသင်း အတွက် ချေပဂိုးကိုတော့ ၆၇ မိနစ်အရောက်မှာ လူစားဝင် ကစားသမား ဒမ်ဘီလီ က ပြန်လည် သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဆိုပါ သရေ ရလဒ်ကြောင့် ဘာစီလိုနာ အသင်းဟာ လာလီဂါ အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာအထိ ရောက်ရှိသွားခဲ့ရပါတယ်။ ဘာစီလိုနာ အသင်း အနေနဲ့ ဒီရာသီ လာလီဂါ ပွဲစဉ် ၁၅ ပွဲကစားထားပြီး ၇ ပွဲသာ အနိုင်ရရှိကာ ၄ ပွဲအထိ သရေ ကျထားပြီး ၄ ပွဲအထိ ရှုံးနိမ့်ထားတာကြောင့် ရမှတ်အားဖြင့် ၂၅ မှတ်သာ စုဆောင်းထားနိုင်သေးတဲ့ အခြေအနေ ဖြစ်ပါတယ်။

Photo Credit: Marca

၁၅ ပွဲကစားအပြီး ၂၅ မှတ်သာ ရရှိထားတယ်ဆိုတဲ့ စံချိန်ဟာ ဘာစီလိုနာ လို အသင်းကြီးမျိုး အတွက် မဖြစ်သင့်တဲ့ စံချိန်ဖြစ်ပြီး ဆိုးဝါးနေတယ်လို့‌တောင် ညွှန်းဆိုရမှာ ဖြစ်ပါတယ်။ နည်းပြ ဖရန့် ရိုင်းကာ ရဲ့ လက်ထပ် ၂၀၀၃-၂၀၀၄ ရာသီက အဆိုးဝါးဆုံး စံချိန်ပြီးရင် ယခုလက်ရှိဟာ အသင်းရဲ့ ဒုတိယမြောက် အဆိုးဝါးဆုံး ရာသီ ဖြစ်ပါတယ်။ ထိုရာသီတုန်းက ဘာစီလိုနာ အသင်းဟာ ၁၅ ပွဲကစားအပြီး ရမှတ် ၂၀ သာ ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထိုရာသီတုန်းကတော့ ဘာစီလိုနာ အသင်းဟာ ရာသီဝက်မှာ အကောင်းဆုံးခြေစွမ်းတွေနဲ့ ပြန်လာနိုင်ခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာ ရမှတ် ၇၂ မှတ်နဲ့ ရပ်တည်နိုင်ခဲ့ပြီး အဆိုပါ ရာသီ က ချန်ပီယံ ဖြစ်ခဲ့တဲ့ ဗလင်စီယာ အသင်းကို ငါးမှတ်ကွာ အနေအထားထိ လိုက်လံ ဖိအားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဘာစီလိုနာ အသင်း အနေနဲ့ ကစားဖို့ ကျန်ရှိနေတဲ့ ၂၃ ပွဲကနေ ၅၂ မှတ်အထိ ရရှိအောင် ပြန်လည်စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ကာ တစ်ပွဲကို ပျမ်းမျှ ရမှတ် ၂.၂ အထိ ရရှိခဲ့တာ ဖြစ်ပါတယ်။ ထိုရာသီက ပထမဆုံး ကစားခဲ့တဲ့ ၁၅ ပွဲမှာတော့ တစ်ပွဲပျမ်းမျှရမှတ် ၁.၃၃ သာ ရရှိခဲ့တာ ဖြစ်ပါတယ်။