ဘဏ္ဍာရေး အကျပ်အတည်းတွေ ရလဒ်ပိုင်း တိမ်းစောင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းကတော့ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းရဲ့ လူအင်အားကို တောင့်တင်းလာစေဖို့အတွက် ကစားသမားသစ် ဖြည့်တင်းမှုတွေကို ဖြစ်တဲ့နည်းလမ်းနဲ့ လုပ်ဆောင်သွားဖို့ ရှိနေရာ အခုလည်း သူတို့အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သူ အလက်ဆစ်ဆန်းချက်ဇ်ကိုပါ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Football London

အသက်(၃၂)နှစ်အရွှယ်ရှိ ချီလီလက်ရွေးစင် တိုက်စစ်ကစားသမားကြီး ဆန်းချက်ဇ်ဟာ ဘာစီလိုနာအသင်းမှာ ၂၀၁၁ခုနှစ်ကနေ ၂၀၁၄ခုနှစ်အထိ ပါဝင်ကစားခဲ့ဖူးသူဖြစ်ပြီး အဲ့ဒီ(၃)နှစ်တာ ကာလအတွင်းမှာ အသင်းနဲ့အတူ လာလီဂါ ကိုပါဒယ်ရေး ဖီဖာကလပ်ကမ္ဘာ့ဖလား ဥရောပစူပါဖလားနဲ့ စပိန်စူပါဖလားတို့ကို ပိုင်ဆိုင်နိုင်ခဲ့သလို အသင်းအတွက်ကိုလည်း (၁၄၁)ပွဲ ပါဝင်ကစားပေးခဲ့ကာ (၄၇)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး အာဆင်နယ်မှာ အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့လို့ မန်ချက်စတာယူနိုက်တက်ကို ထပ်မံရောက်ရှိခဲ့ရပေမယ့် ယူနိုက်တက်မှာတော့ ဆန်းချက်ဇ်ရဲ့ အကောင်းဆုံးပုံစံ လုံးဝမရနိုင်တော့ပဲ နောက်ဆုံးမှာ အင်တာမီလန်အသင်းဆီကိုပါ ပြောင်းရွှေ့သွားခဲ့ရပါတယ်။

Photo Credit : Barca Blaugranes

ဆန်းချက်ဇ်ဟာ အင်တာမီလန်အသင်းဆီကို ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာပဲ ယူနိုက်တက်ကနေ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အငှားစာချုပ် ပြည့်ချိန်မှာပဲ ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းကာ အင်တာအသင်းဆီကိုပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဆန်းချက်ဇ်ဟာ အင်တာမှာ ကျောနံပါတ်(၇)ကို ဝတ်ဆင်ထားရတာဖြစ်ပေမယ့်လည်း အသင်းမှာ နေရာရဖို့က ရုန်းကန်လို့နေရပြီး ဒီရာသီအတွင်းမှာလည်း စီးရီးအေ (၁၀)ပွဲ ကစားထားရပေမယ့် အဲ့ဒီထဲကမှ (၂)ပွဲကိုသာ ပွဲထွက်ကစားထားရတာ ဖြစ်ပါတယ်။ ဒီလို အနေအထားတွေ ရှိလို့နေတဲ့ ဆန်းချက်ဇ်ကို သူရဲ့ကလပ်အသင်းဟောင်း ဘာစီလိုနာအသင်းကနေ ရာသီကုန်အထိကို အငှားနဲ့ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် စပိန်ကနေ ဖော်ပြလာတဲ့ သတင်းတွေအရတော့ ဆန်းချက်ဇ်ရဲ့ အပြောင်းအရွှေ့မှာ ကလပ်အသင်း(၃)သင်းအထိ ပါဝင်ပတ်သက်နိုင်ပြီး အင်တာဘက်ကနေလည်း ဆီဗီလာကနေ ဘာစီလိုနာအသင်းဆီ အငှားချထားတဲ့ နယ်သာလန် တိုက်စစ်မှူး လုခ်ဒီဂျောင်ကို အငှားပြန်လည်ခေါ်ယူပြီး ဆန်းချက်ဇ်ကို ဘာစီလိုနာဆီ ပြန်လည်အငှားချပေးဖွယ် ရှိနေပါတယ်။ ဆန်းချက်ဇ်က ဒီရာသီမှာ အင်တာအတွက် ပြိုင်ပွဲစုံ (၁၄)ပွဲ ပါဝင်ကစားထားပြီး (၂)ဂိုးသွင်းကာ (၃)ဂိုး ဖန်တီးထားပေးနိုင်ခဲ့ပါတယ်။