MySport Myanmar

ဒမ်ဘီလီကို ရောင်းလို့ ရလာတဲ့ ပိုက်ဆံနဲ့ ကန်ဆယ်လိုကို ဝယ်မယ့် ဘာစီလိုနာ

စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက ယနေ့မှာပဲ သူတို့အသင်းကနေ ပီအက်စ်ဂျီထံ ပြောင်းရွှေ့တော့မယ့် တောင်ပံတိုက်စစ် ကစားသမား ဒမ်ဘီလီကို ရောင်းချရာ ကနေ ရလာမယ့် ငွေကြေးနဲ့ မန်ချက်စတာ စီးတီး ကနေ ထွက်ခွာခွင့် ရထားတဲ့ ညာနောက်ခံလူ ကန်ဆယ်လိုကို ခေါ်ယူရန် စီစဉ်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာပါတယ်။

အသက် ၂၆နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အူစမာနီ ဒမ်ဘီလီက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဘာစီလိုနာနဲ့ စာချုပ်သစ် ချုပ်ဆိုထားသူ ဖြစ်ပေမယ့် သူနဲ့ ဘာစီလိုနာတို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်သစ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ပါဝင်နေခဲ့ပါတယ်။

Photo Credit: Goal

အူစမာနီ ဒမ်ဘီလီနဲ့ ဘာစီလိုနာတို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို ၅၀သန်း ဖြစ်ပြီး စာချုပ်ပါ အချက်အလက်တွေ အရ ဒမ်ဘီလီက အဆိုပါ စာချုပ်ဖျက်သိမ်းကြေးရဲ့ ထက်ဝက်ကို ပိုင်ဆိုင်ခွင့် ရဦးမှာ ဖြစ်တာကြောင့် ဘာစီလိုနာဟာ ဒမ်ဘီလီကို ရောင်းချရာကနေ ပြောင်းရွှေ့ကြေး ယူရို ၂၅သန်းသာ ရရှိခဲ့ပါတယ်။

ဘာစီလိုနာက ဒမ်ဘီလီလို အရည်အသွေးမြင့် တောင်ပံတိုက်စစ် ကစားသမားကို ရောင်းမထုတ်ချင်တာကြောင့် အသင်းမှာ ဆက်နေဖို့ ဖြောင်းဖျခဲ့ပေမယ့် ဒမ်ဘီလီက ပီအက်စ်ဂျီရဲ့ လုပ်ခလစာမြင့် ကမ်းလှမ်းမှုကြောင့် ဘာစီလိုနာကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက ဒမ်ဘီလီကို ရောင်းချရာ ကနေ ရလာတဲ့ ငွေကြေးနဲ့ သူတို့အသင်းရဲ့ ညာနောက်ခံနေရာကို အင်အားဖြည့်တင်းဖို့ ဆုံးဖြတ်ထားပြီး မန်ချက်စတာ စီးတီး ကနေ အရောင်းစာရင်း တင်ထားတဲ့ ညာနောက်ခံလူ ကန်ဆယ်လိုဟာ ဘာစီလိုနာရဲ့ နံပါတ်၁ ပစ်မှတ် ဖြစ်ကြောင်း သိရပါတယ်။

ပေါ်တူဂီ လက်ရွေးစင် ညာနောက်ခံလူ ကန်ဆယ်လိုက ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူတွေထဲက တဦး ဖြစ်ပေမယ့် မန်ချက်စတာ စီးတီး နည်းပြချုပ် ဂွာဒီယိုလာနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် မန်ချက်စတာ စီးတီးက ကန်ဆယ်လိုကို ယခု နွေဈေးကွက် အတွင်းမှာ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး ကန်ဆယ်လိုကတော့ ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုသာ ရလာရင် ချက်ချင်း လက်ခံဖွယ် ရှိပါတယ်။

Exit mobile version