စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ မရှိမဖြစ် ကစားသမား ဖြစ်သူ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို ယခုရက်ပိုင်းအတွင်းမှာပဲ စာချုပ်သစ် ချုပ်ဆိုနိုင်တော့မယ် လို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနားအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ သူ့ရဲ့ ကစားသမား ဘဝ တခုလုံးကို ဘာစီလိုနာအသင်းမှာသာ မြှုပ်နှံခဲ့သူ ဖြစ်ပြီး အသင်းရဲ့ ထာဝရ အကောင်းဆုံး ကစားသမား အဖြစ်ပါ သတ်မှတ်ခံထားရသူပါ။

Photo Credit: Marca

ဘာစီလိုနာအသင်းနဲ့ မက်ဆီတို့ရဲ့ ကြားမှာ ရှိနေတဲ့ လက်ရှိစာချုပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ရက်နေ့ထဲက သက်တမ်း ကုန်ဆုံးခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်း အားထုတ်ခဲ့ရာ ယခုအချိန်မှာတော့ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ သဘောတူညီမှု ရခဲ့တာပဲ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တာဟာ အတော်လေးကို ကြာမြင့်နေပြီ ဖြစ်ကာ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် တရားဝင် လက်မှတ်ထိုးဖို့ ကြန့်ကြာနေခဲ့တာ ဖြစ်ကြောင်းနဲ့ လက်ရှိမှာတော့ ဘဏ္ဍာရေး ပြဿနာဟာ အထိုက်အလျောက် ပြေလည်မှု ရရှိသွားတာကြောင့် မကြာမီအချိန် အတွင်း မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ရှိနေကြောင်း သိရပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်းဟာ မက်ဆီကို ၂၀၂၆ခုနှစ် အထိ သက်တမ်းရှိမယ့် ကာလရှည် စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရယူထားနိုင်တာ ဖြစ်ပြီး အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ မက်ဆီဟာ စာချုပ်သစ်မှာ လက်ရှိ ရနေတဲ့ လုပ်ခလစာရဲ့ ထက်ဝက်ခန့်ကိုသာ ရရှိတော့မှာ ဖြစ်ကြောင်းလည်း သိရှိထားရပါတယ်။

လက်ရှိမှာတော့ မက်ဆီဟာ သူ့ရဲ့ အားလပ်ရက်ကို အဆုံးသတ်ပြီး ဘာစီလိုနာအသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းဖို့ ပြင်ဆင်နေကာ ဘာစီလိုနာအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ ယှဉ်ပြိုင် ကစားကြမယ့် ခြေစမ်းပွဲမှာ ပါဝင် ကစားနိုင်ဖွယ် ရှိနေပါတယ်။