MySport Myanmar

လိုင်လီ တိုက်စစ်မှူး ဂျိုနသန် ဒေးဗစ်ကို အလွတ်နဲ့ ခေါ်ယူသွားမယ့် ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ လာမယ့်နွေမှာ လိုင်လီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကနေဒါ တိုက်စစ်ကစားသမား ဂျိုနသန် ဒေးဗစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

လက်ရှိ ဘာစီလိုနာရဲ့ အဓိက တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါစကီးက ဒီရာသီမှာလည်း ဂိုးတွေ ဆက်တိုက် သွင်းယူလျက် ရှိနေပေမယ့်လည်း အသက်အရွယ်အရ (၃၆)နှစ်အထိ ရှိနေပြီ ဖြစ်တာကြောင့် ဒီကစားသမားကြီး နေရာမှာ ရေရှည် အစားထိုးဖို့အတွက် အရည်အသွေးမြင့် တိုက်စစ်မှူးတစ်ဦး လိုအပ်လာခဲ့ပါတယ်။

Photo Credit : TEAMtalk

ဘာစီလိုနာမှာ အထောင်တိုက်စစ်နေရာအတွက် ဘရာဇီးလ်က လူငယ် တိုက်စစ်မှူးလေး ဗစ်တာ ရိုကေးလည်း ရှိနေပေမယ့် ဒီနွေမှာပဲ ဘက်တစ်အသင်းဆီ အငှားချထားသလို ဒီကစားသမားလေးရဲ့ အနာဂတ် အခြေအနေကလည်း အသင်းမှာ ဆက်ရှိဖို့ မသေချာနေသေးတဲ့အတွက် ကစားသမားသစ် ခေါ်ယူဖို့ကိုသာ လုပ်ဆောင်သွားရနိုင်ပါတယ်။

ဒါကြောင့် ဘာစီလိုနာဘက်က ပြောင်းရွှေ့ကြေးလည်း အသုံးပြုစရာ မလိုအပ်တဲ့ ကနေဒါ တိုက်စစ်ကစားသမား ဂျိုနသန် ဒေးဗစ်ကို ခေါ်ယူသွားဖို့ ချိန်ရွယ်လာခဲ့ပါတယ်။ အသက် (၂၄)နှစ်အရွယ် ကနေဒါ တိုက်စစ်မှူး ဒေးဗစ်ဟာ လွန်ခဲ့တဲ့ ၂၀၂၀ကတည်းက ဘယ်လ်ဂျီယံကလပ် ဂျန့်ကနေ လိုင်လီအသင်းဆီ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Transfermarket

ရွက်ပုန်းသီး ကစားသမားလေးတွေကို အကောင်းဆုံး မြေတောင်မြှောက် စင်တင်ပေးနိုင်တဲ့ လိုင်လီအသင်းမှာ တောက်ပလာခဲ့တဲ့ ဒေးဗစ်ဟာ တိုက်စစ်မှူးအပြင် နောက်ချန်တိုက်စစ်နဲ့ ကွင်းလယ်တိုက်စစ်နေရာတွေအထိ လိုက်ပါကစားနိုင်သူ ဖြစ်သလို ဒီရာသီမှာလည်း လိုင်လီအတွက် (၁၃)ပွဲကစား (၈)ဂိုး သွင်းယူထားနိုင်ပါတယ်။

ဒီရာသီအကုန်မှာပဲ လိုင်လီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဒေးဗစ်ကို ကလပ်အသင်း တော်တော်များများက စိတ်ဝင်စားလျက် ရှိနေကြပြီး ဒေးဗစ်ကိုယ်တိုင်ကလည်း လိုင်လီနဲ့ သက်တမ်းတိုးတော့မှာ မဟုတ်တာကြောင့် သူ့ကို အလုအယက် ကြိုးပမ်းကြဖွယ် ရှိနိုင်ပါတယ်။ ဘာစီလိုနာလည်း ဂျိုနသန် ဒေးဗစ်ကို free transfer နဲ့ ခေါ်ယူနိုင်ဖို့ အမှန်အကန် ကြိုးပမ်းလာနိုင်ပါတယ်။

Exit mobile version