စပိန်အင်အားကြီးအသင်း တစ်သင်းဖြစ်တဲ့ ဘာစီလိုနာအသင်းကတော့ ပြိုင်ဘက်အသင်း တစ်သင်းဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ် အသင်းကနေ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူး ဂရစ်ဇ်မန်းကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ပြန်လည် ရောင်းချသွားတော့မှာ ဖြစ်တယ်လို့ စပိန်အခြေစိုက် သတင်းတွေက အတိအကျ ဖော်ပြသွားခဲ့ကြပါတယ်။ အသက် ၂၉ နှစ်အရွယ် ပြင်သစ်သား ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်းထံကို ဆုဖလားတွေ ရရှိဖို့ အတွက် အသင်းဟောင်း အက်သလက်တီကို မက်ဒရစ်အသင်းကို အတိုက်အခံလုပ်ပြီး ပြောင်းရွှေ့လာခဲ့သူဖြစ်ပေမယ့် ဘာစီလိုနာ အသင်းဆီ ရောက်ရှိတဲ့အချိန်မှာ ထင်ထားသလို ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ခြင်း မရှိပါဘူး။

Photo Credit: Marca.com

လက်ရှိ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဘာစီလိုနာအသင်းဟာ လာမယ့်နွေရာသီမှာ သူတို့အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ နေမာကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမှာ ဖြစ်ပြီး အဆိုပါ ခေါ်ယူမှုအတွက် ငွေကြေး ကာမိစေရန် ဂရစ်ဇ်မန်းကို အသင်းကနေ လျင်မြန်စွာ ရောင်းထုတ်သွားဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်း ဟာ ဂရစ်ဇ်မန်းကို ရောင်းချရာမှ ပြောင်းရွှေ့ကြေး ယူရို၁၀၀သန်း ရရှိဖို့ မျှော်လင့်ထားပြီး ဂရစ်ဇ်မန်းကို ခေါ်ယူဖို့အတွက် ယခင်က မျက်စိကျခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ကလပ် မန်ယူ ၊ ပြင်သစ်အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းတို့ထံကို ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖို့ ရှိတယ်လို့လည်း ဘာစီလိုနာအသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟထားခဲ့ကြပါတယ်။

Photo Credit: Marca.com

အသက်၂၉နှစ်အရွယ် ဂရစ်ဇ်မန်းဟာ လက်ရှိ ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအတွက် လာလီဂါပွဲစဉ် ၂၆ပွဲပါဝင်ကစားပေးထားရာမှာ ၈ဂိုးသွင်းယူထားပြီး ၄ဂိုးဖန်တီးပေးထားနိုင်သူ ဖြစ်ပါတယ်။ ဥရောပ အပြောင်းအရွှေ့စျေးကွက် ကျွမ်းကျင်သူတွေကတော့ အသက်အရွယ် ရလာပြီဖြစ်တဲ့ ဂရစ်ဇ်မန်းကို မန်ယူအသင်းက ခေါ်ယူဖို့ဆိုတာဟာ မဖြစ်နိုင်ကြောင်းနဲ့ လက်ရှိအချိန် မှာ ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းဟာ ပီအက်စ်ဂျီအသင်းတစ်သင်းတည်းသာ ဖြစ်ကြောင်း သုံးသပ်ထားကြပြီး ဂရစ်ဇ်မန်း ဟာ နေမာရဲ့ အပြောင်းအရွှေ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာနိုင်တယ်လို့ သူတို့ရဲ့ အမြင်ကို ဖွင့်ဟ ပြောကြားထားခဲ့ကြပါတယ်။ ဂရစ်ဇ်မန်းနဲ့ ရင်းနှီးတဲ့သူတွေကတော့ ဂရစ်ဇ်မန်းဟာလဲ ဘာစီလိုနာအသင်းမှာ ဆက်ရှိဖို့အတွက် မရေမရာ ဖြစ်နေတယ်လို့ သတင်းရင်းမြစ်တွေကို ပြောကြားထားခဲ့ကြပါတယ်။