စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်း ကတော့ ယခုနှစ် ဘောလုံးရာသီ အစကမှ အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာပြီး တတ်စွမ်းသရွေ့ ကြိုးစား အားထုတ်ပေးခဲ့တဲ့ နယ်သာလန် တောင်ပံတိုက်စစ် ကစားသမား ဒီပိုင်းကို ပြန်လည် ရောင်းထုတ်ဖို့ စီစဉ်နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၇နှစ် အရွယ် နယ်သာလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား မန်ဖစ် ဒီပိုင်းဟာ ယခုနှစ် ဘောလုံးရာသီအစမှာ လိုင်ယွန်အသင်း ကနေ ဘာစီလိုနာအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာပြီး အသင်းနဲ့ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: AS English

ဒီပိုင်းဟာ လက်ရှိအချိန်မှာ ဒူးကောက်ကြောဒဏ်ရာကြောင့် အနားယူနေရပေမယ့် ဘာစီလိုနာအသင်းထံ စတင် ရောက်ရှိချိန်ကတည်းက အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား အဖြစ် ခြေစွမ်းပြခဲ့သူ တဦး ဖြစ်ပြီး ပြိုင်ပွဲစုံမှာ ၂၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၈ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဘာစီလိုနာအသင်းမှာ နည်းပြအပြောင်းအလဲ ဖြစ်ခဲ့ပေမယ့် ဒီပိုင်းက ဘာစီလိုနာအသင်းရဲ့ အဓိက တိုက်စစ်ကစားသမား တဦး ဖြစ်လာလိမ့်မယ်လို့ ဘောလုံးရေးရာ သုံးသပ်သူတွေက ခန့်မှန်းခဲ့ကြပြီး လက်ရှိမှာတော့ သူတို့ရဲ့ ခန့်မှန်းချက်တွေ အားလုံး လွဲချော်ဖို့ ရှိနေပါတယ်။

Photo Credit: AS English

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ အက်သလက်တီကို မက်ဒရစ်အသင်း ကနေ ဂျူဗင်တပ်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ ကစားနေတဲ့ စပိန် လက်ရွေးစင် တိုက်စစ်မှူး မိုရာတာကို ခေါ်ယူနိုင်ဖို့ အတွက် ဒီပိုင်းကို အသင်းကနေ ရောင်းထုတ်ဖို့ ဒါမှမဟုတ် မိုရာတာနဲ့ အလဲအထပ် ပြုလုပ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းနဲ့ နီးစပ်သူတွေကလည်း ဇာဗီဟာ ဒီပိုင်းရဲ့ ခြေစွမ်းပိုင်းကို သဘောမကျပဲ ဒီပိုင်းကို ခပ်မြန်မြန် ရောင်းထုတ်ကာ မိုရာတာကို အရ ခေါ်ယူပေးဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ တောင်းဆိုထားကြောင်း အတည်ပြုပေးထားကြပါတယ်။

ဘာစီလိုနာအသင်းဆီ ဘယ်သူမှ မလာချင်ခဲ့တဲ့ အခိုက်အတန့် တခုမှာ ပြောင်းရွှေ့လာပြီး တတ်စွမ်းသရွေ့ ကူညီပေးခဲ့တဲ့ ဒီပိုင်း တယောက် အခုလိုမျိုး အသင်းကနေ နှင်ထုတ်ခံရဖို့ ရှိနေတာက မမျှတတဲ့ တရားစီရင်မှု တခုကို ကြည့်နေရသလိုပါပဲ။