စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဒေါ့မွန်ရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းကို အခြားအသင်းတွေနဲ့ အပြိုင် ခေါ်ယူဖို့ ကြိုးစားနိုင်အောင် အသင်းပိုင် စတူဒီယို တခု ဖြစ်တဲ့ Barca Studiosကို ရောင်းချဖို့ စဉ်းစားနေကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို ဆုံးရှုံးခဲ့ရပြီးနောက် တိုက်စစ်ပိုင်း အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဒေါ့မွန်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတဲ့ အာလင်း ဟာလန်းကို အမိအရ ခေါ်ယူနိုင်ရေး အတွက် ယခုချိန်ထဲက စတင် လှုပ်ရှားနေပါတယ်။

Photo Credit: Express

ဘာစီလိုနာရဲ့ ဥက္ကဌ လာပေါ်တာက ဟာလန်းရဲ့ အေးဂျင့် ရိုင်းအိုလာနဲ့ မကြာခဏ ဆိုသလို တွေ့ဆုံကာ ဟာလန်းအပါအဝင် ရိုင်းအိုလာရဲ့ ကစားသမားတွေကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ တောက်လျှောက်ဆိုသလို ပြုလုပ်ထားကာ တဖက်မှာလည်း ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက ဘဏ္ဍာရေး အကြပ်အတည်း ကြားမှာ ဟာလန်းရဲ့ ပြောင်းရွှေ့ကြေးနဲ့ လုပ်ခလစာကို ပေးချေနိုင်အောင် စပွန်ဆာအသစ်တွေ ရှာတာ ၊ အသင်းပိုင် ရှယ်ယာတွေကို ရောင်းထုတ်တာတွေကို လုပ်ဆောင်နေပါတယ်။

အသက် ၂၁နှစ် အရွယ် နော်ဝေလက်ရွေးစင် အထောင်တိုက်စစ်မှူး အာလင်း ဟာလန်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင် တိုက်စစ်မှူး ၃ဦး စာရင်းဝင်သူ ဖြစ်ပြီး သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးကလည်း ယူရို ၇၅သန်းသာ ရှိတာကြောင့် ဟာလန်းကို ခေါ်ယူဖို့ ဥရောပ အသင်းကြီး အများစုက စိတ်ဝင်စားနေကြပါတယ်။

 

ဒါကြောင့်ပဲ ဘာစီလိုနာက ဟာလန်းကို အခြားအသင်းတွေနဲ့ ယှဉ်ပြိုင်ပြီး ခေါ်ယူနိုင်အောင် တန်ကြေး ယူရို ၁၀၀သန်း တန်တဲ့ Barca Studiosရဲ့ ရှယ်ယာ ၄၉ကို ရောင်းထုတ်ကာ ယူရို ၅၀သန်း ဝန်းကျင် အပိုဝင်ငွေ ရရှိအောင် ပြုလုပ်ဖို့ စီစဉ်နေပြီး ကတ်တလန်တာ ဒေသမှာ ရှိတဲ့ စီးပွားရေးသမား အများစုကလည်း Barca Studiosကို ဝယ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနက အခိုင်အမာ ဖော်ပြထားပါတယ်။