MySport Myanmar

၁၀နှစ်စာ ရုပ်သံလွှင့်ခတွေကို ရောင်းချပြီး အကြွေးဆပ်နိုင်တော့မယ့် ဘာစီလိုနာ

စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာက သူတို့အသင်းအပေါ် တင်နေတဲ့ ကြွေးမြီ ယူရို ၅၀၀သန်းကို ပေးချေနိုင်ဖို့ ၁၀နှစ်စာ ရုပ်သံလွှင့်ခတွေရဲ့ ၂၅ ရာခိုင်နှုန်းကို ရောင်းထုတ်တော့မယ်လို့ စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန အများစုက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ဘာစီလိုနာက ပြီးခဲ့တဲ့ ဆယ်စုနှစ် တစုအတွင်းမှာ မှားယွင်းတဲ့ ကစားသမား ခေါ်ယူမှုတွေ ၊ ကစားသမားတွေကို မတန်တဆ ပေးကာ ခေါ်ယူခဲ့မှုတွေ ၊ ကစားသမားတွေကို သာမန်ထက် မြင့်မားတဲ့ လုပ်ခလစာ ပေးချေမှုတွေကြောင့် ကြွေးမြီနွံထဲ ဆင်းသက်ခဲ့ရကာ သူတို့အသင်းရဲ့ ကြွေးမြီပမာဏက ယူရို ၅၀၀သန်း အထိ ရှိနေပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ စပိန်လာလီဂါ ဘောလုံးအဖွဲ့ချုပ်က ဘာစီလိုနာအနေနဲ့ ကစားသမားသစ် ခေါ်ယူမှုတွေ ၊ ကစားသမားသစ် စာရင်းသွင်းတာတွေ ပြုလုပ်နိုင်ဖို့ ကြွေးမြီတွေ အားလုံးကို မဖြစ်မနေ ပေးချေရမယ်လို့ အမိန့်ချခဲ့ပြီး ဘာစီလိုနာကလည်း ကစားသမားတွေရဲ့ လုပ်ခလစာ လျှော့ချတာ ၊ အသင်းရဲ့ တန်ကြေးမြင့် ကစားသမားတွေကို ထုတ်ရောင်းဖို့ လုပ်ဆောင်တာ စတဲ့ အချက်တွေကို လုပ်ဆောင်ရင်း သူတို့ရဲ့ ကြွေးမြီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။

ဒါ့အပြင် ဘာစီလိုနာက အသင်းကို အစကနေ ပြန်လည် တည်ဆောက်နိုင်ဖို့ အတွက် သူတို့ရဲ့ ၁၀နှစ်စာ ရုပ်သံလွှင့်ခထဲက ၂၅ ရာခိုင်နှုန်းကို ရောင်းချဖို့ လုပ်ဆောင်နေပြီး ယမန်နေ့မှာပဲ ဘာစီလိုနာ ဘုတ်အဖွဲ့က ၁၀နှစ်စာ ရုပ်သံလွှင့်ခထဲက ၂၅ ရာခိုင်နှုန်းကို ရောင်းထုတ်ဖို့ မဲခွဲခဲ့ရာ ဘုတ်အဖွဲ့ရဲ့ ၉၄ ရာခိုင်နှုန်းက ရောင်းချဖို့ သဘောတူခဲ့ကြကာ ကျန်တဲ့ ၆ရာခိုင်နှုန်းကတော့ မရောင်းချဖို့ မဲပေးခဲ့ကြပါတယ်။

Photo Credit: Marca

စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ မာကာသတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက သူတို့အသင်းရဲ့ ၁၀နှစ်စာ ရုပ်သံလွှင့်ထဲက ၂၅ရာခိုင်နှုန်းကို အမေရိကန် အခြေစိုက် ပုဂ္ဂလိကဘဏ်တွေထံ ရောင်းချဖို့ ရှိနေပြီး အဆိုပါ ရောင်းချမှုကြောင့် ဘာစီလိုနာက ယူရို ၇၀၀သန်းနဲ့ ၈၀၀သန်းကြား ရရှိမယ်လို့ သိရပါတယ်။

ဘာစီလိုနာက ရုပ်သံလွှင့်ခကို ရောင်းချရာကနေ ရလာတဲ့ ယူရို ၇၀၀သန်းကျော် အနက် ယူရို ၅၀၀သန်းကို ကြွေးမြီဆပ်ဖို့ ဆုံးဖြတ်ထားပြီး ကျန်တဲ့ ယူရို ၂၀၀သန်းကိုတော့ ကစားသမားသစ်တွေ ခေါ်ယူရာမှာ အသုံးပြုဖို့ စီစဉ်ထားပါတယ်။

Exit mobile version