စပိန်လာလီ​ဂါ ထိပ်သီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ နည်းပြဖြစ်တဲ့ ဆီတီယန်ကို မကြာမီမှာပဲ ထုတ်ပယ်သွားဖို့ ရှိတယ်လို့ စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ကြပါတယ်။ ဝါရင့် စပိန်လူမျိုး နည်းပြဖြစ်တဲ့ ဆီတီယန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလကမှ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဖြစ်လာသူ ဖြစ်ပြီး နည်းပြသစ် ဖြစ်လာပြီးနောက်မှာ ရလဒ်ကောင်းတချို့ကို ရယူနိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာ လာလီဂါရဲ့ ဒုတိယ နေရာကို ရောက်ရှိနေတာကြောင့် ဘာစီလိုနာအသင်းမှာ အနာဂတ်တွေ မရေရာတော့ဘူးလို့ သိရပါတယ်။

Photo Credit: Marca

ရီးရဲလ်ဘက်တစ်အသင်းကနေ ဘာစီလိုနာ အသင်းထံကို ပြောင်းရွှေ့လာခဲ့တဲ့ ဆီတီယန် ဟာ ဘာစီလိုနာအသင်းနဲ့အတူ နှစ်နှစ်ခွဲ သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုထားသူ တစ်ဦး ဖြစ်ပြီး လက်ရှိအချိန်မှာ ကွင်းတွင်း ရလဒ်တွေ ဆိုးရွားနေတဲ့ အပြင် ကစားသမားတွေနဲ့လည်း စကားများခဲ့တာကြောင့် လက်ရှိ ဘောလုံးရာသီ အကုန်မှာပဲ အသင်းကနေ ထုတ်ပယ်ခံရဖွယ် ရှိနေပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ဆဲလ်တာဗီဂိုအသင်းနဲ့ ဘာစီလိုနာ အသင်းတို့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဘာစီလိုနာအသင်းရဲ့ ကစားသမားတွေဟာ ဆီတီယန်နဲ့ စကားများမှုတွေ ရှိခဲ့ကြောင်း ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေက ဖော်ပြမှု ရှိခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ဟာလည်း ဆီတီယန်ရဲ့ အနေအထားကို သဘောမကျတော့ဘူးလို့ သိရပါတယ်။

Photo Credit: Marca

ယနေ့မနက်မှာ သိရတဲ့ သတင်းအချို့အရ တော့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်သူ ဘာတိုမြူဟာ ဆီတီယန်ရဲ့ အိမ်ကို သွားရောက်ပြီး အနာဂတ်အကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရှိရပြီး အထူးသဖြင့် ဆီတီယန်နဲ့ ကစားသမားတွေကြားမှာ ဖြစ်ပေါ်ခဲ့တဲ့ မကျေလည်မှုတွေနဲ့ ပတ်သတ်ပြီး ဆီတီယန်ကို ဖျောင်းဖျပြောဆိုခဲ့တယ်လို့လည်း Goal သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ လတ်တလောမှာတော့ ကာတာ ကလပ် အယ်လ်ဆက်အသင်းကို နည်းပြနေတဲ့ ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ ဇာဗီဟာ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေကာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပ​ဲ ဇာဗီက သူ့အနေနဲ့ ဘာစီလိုနာအသင်းဆီကို ပြန်သွားဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီလို့ ဝန်ခံစကားဆိုထားခဲ့သူပါ။